My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, December 9, 2013

လက်ထပ်ပွဲနဲ့ လက်ထပ်ခြင်း




လက်ထပ်ပွဲဖိတ်စာတွေ အပတ်စဉ် ပိတ်ရက်တိုင်း လက်ခံရရှိပါတယ်။ မင်္ဂလာပွဲ တစ်ခုတက်ဖို့ဆိုရင် အဝတ်အစား၊ အဆင်တန်ဆာအတွက် ပြင်ဆင်ရတာတစ်မျိုး။ လက်ဖွဲ့အတွက် စဉ်းစားရတာတစ်မျိုး။ တကယ့် ပွဲရောက်တော့လည်း တကယ့် တကယ်ကြတော့လည်း စားပွဲကြီးမှာ သွားထိုင်ပြီး ၂ နာရီလောက် ထိုင်ပြီး မင်္ဂလာမောင်နှံ ပွဲထွက်တာစောင့် ပြီးရင် တစ်ခါတလေများ ဟော်တယ်က အချိန်ပြည့်တော့မှာမို့ မင်္ဂလာမောင်နှံခမျာ အပြေးအလွှား နှုတ်ဆက်၊ ဒီလိုနဲ့ ကိုယ်ကလည်းပြန်လာ။ သွားရဖန်များတော့လည်း ဒီလို မင်္ဂလာဆောင်တွေကို သွားရတာ မပျော်ဘူးဖြစ်လာတယ်။ ကျွန်မက ပေါ့ပေါ့ပါးပါးနေရတာ သိပ်ကြိုက်တဲ့သူဆိုတော့ ဒီလို မင်္ဂလာပွဲတွေ သွားဖို့ သိပ်ပျင်းတဲ့သူပါ။  ကျွန်မကို အမေကတော့ သမီးရေ ဒါ လူကြီးဖြစ်လာတယ်။ လူရာဝင်လာတယ်လို့သာသဘောထားပါ လို့ ဆိုတော့ ကျွန်မရယ်မိပါတယ်။
အခုလည်းလက်ထပ်တော့မယ့် ကျွန်မရဲ့ သူငယ်ချင်း ကောင်လေးတစ်ယောက်က ရင်ဖွင့်လာတဲ့ စကားတစ်ခွန်းကြောင့် ကျွန်မတော်တော် လန့်သွားပါတယ်။ သူကမေးလာပါတယ်။ နင် နင့်လက်ထပ်ပွဲကို စိတ်ကူးယဉ်ဖူးလားတဲ့။ သူ့မေးခွန်းကိုဖြေဖို့ ကျွန်မတော်တော် အချိန်ယူ လိုက်ရပါတယ်။  ကျွန်မအဖြေကငယ်ငယ်ကတော့ နတ်သမီးပုံပြင်ထဲက လက်ထပ်ပွဲကို စိတ်ကူးယဉ် ဖူးပါတယ် အခုတော့ လက်ထပ်ပွဲထက် လက်ထပ်ခြင်းကိုပဲပုံဖော်စဉ်းစား မိပါတယ်လို့။ သူက နားမရှင်းလို့ ပြန်မေး ပါတယ်။ ကျွန်မဆိုလိုတာက လှပခမ်းနားတဲ့ လက်ထပ်ပွဲထက် ကိုယ့်လက်တွဲဖော်ကို ဘယ်လိုလူမျိုးဖြစ်စေချင် တာလဲ။ ကိုယ်ကရော ဘယ်လိုနေထိုင် သွားသင့်လဲ။ လက်ထပ်ပြီးရင် ဘဝကိုဘယ်လိုပုံစံ တည်ဆောက်မလဲဆိုတာ ကိုပဲစဉ်းစားပါတယ်လို့ ဆိုလိုတာပါ။
သူက ထပ်ပြောလာ ပါတယ်။ တစ်ချို့ မိန်းကလေးတွေဟာ အံ့သြဖို့ကောင်းတယ်ဟာ။ သူ့ချစ်သူဟာ အစစအရာရာ တော်ရှာပါတယ်။ သူ့အပေါ်လည်း ကောင်းရှာပါတယ်။ အခု လက်ထပ်တော့မယ် ဆိုကာမှသူ့ကိုဘယ်လို လက်ထပ်ပွဲမျိုးလုပ်ပေးရမယ်။ သူလည်း ဂုဏ်မငယ်ချင်သလို မိဘတွေ မျက်နှာမပျက် အရှက်မရစေချင်ဘူးလို့ ပြောလာတဲ့အတွက် သူ့ စိတ်လည်းညစ်သလို စိတ်လည်းပျက်မိလို့ ကျွန်မကိုမေးမိမေးရာ မေးတာပါတဲ့။ မိန်းကလေး အများစု မှာလည်း လက်ထပ်ကာနီးဆိုရင် ဖိအားတွေ အမျိုးမျိုးခံစားရရှာပါတယ်။ ယောင်္ကျာလေးတွေလည်း အတူတူ ပါပဲ။
သိပ်ကိုချစ်ခင်တဲ့  လူ  နှစ်ဦးကြားမှာ “ ချစ်ခြင်းမေတ္တာ” နဲ့ ပြည့်စုံနေလို့ တစ်ယောက် အနားမှာတစ်ယောက်ရှိခြင်းစာစိတ်ပျော်ရွှင်မှုနဲ့ ဘဝရဲ့ပြည့်စုံခြင်းအတွက် လိုအပ်လို့။ တစ်ယောက်ကို တစ်ယောက် ဘဝအဖော် အဖြစ်လက်ခံနိုင်လို့ လက်ထပ်ကြတာ မဟုတ်ပါလား။ လက်ထပ်ခြင်းဟာ ချစ်ခြင်းမေတ္တာကို အခြေခံပြီး လူနှစ်ယောက်ဟာ မိသားစုတစ်ခုအဖြစ်  နှစ်ဘဝကို ပေါင်းစပ်ပြီး နှစ်ယောက်တစ်ဘဝ အဖြစ်လောကကြီးကို အတူဖြတ်သန်းသွားဖို့   တစ်ဦးနဲ့တစ်ဦး သဘောတူညီပြီး အကောင်အထည်ဖော်လိုက် ကြတာပါ ။ လောကရဲ့ အကောင်းအဆိုးကို မျှဝေခံစားဖို့ လူနှစ်ယောက် ဘဝလမ်းမှာ အတူတကွ နေထိုင်ဖို့ အတွက်ကို ဆုံးဖြတ်လိုက်ပြီး စတင်အတူနေထိုင်ကြတာကို လက်ထပ်ခြင်းလို့ ခေါ်ပြီး အဲဒီလို နေထိုင်တဲ့ နှစ်ယောက်ကို အကြင်လင်မယား တနည်းအားဖြင့် စုံတွဲအဖြစ် လူတွေက သတ်မှတ်လိုက်ကြပါတယ်။
ဘာလို့ လူတွေ လက်ထပ်ပွဲကိုလုပ်ဖို့ လိုအပ်တာလဲလို့ ကျွန်မမေးခွန်းထုတ်မိတယ်။ အဖြေက အဲဒီလိုသူတို့ နှစ်ယောက် အကြင်လင်မယားအဖြစ်  ပေါင်းသင်းနေထိုင် ကြပြီဆိုတာကို ကိုယ့်ချစ်ခင်သူတွေကို အသိပေးတဲ့ ပွဲပါပဲ။ နောက်ပြီး လူကြီး မိဘ အုပ်ထိန်းသူတွေကို ခွင့်ပြုချက်ကို သဘောတူညီမှုကို  ရယူတဲ့ပွဲ။ နောက်ပြီး သူတို့နှစ်ယောက်ကို ချစ်ခင်သူတွေကလည်း အသိအမှတ်ပြုပေးတဲ့ အပြင်  နှစ်ဦးသားဘဝရေရှည် ခိုင်မြဲစွာလက်တွဲ နိုင်ပါစေကြောင်း ဆုမွန်ကောင်းတွေလည်း တောင်းပေးကြသလို ဘဝနှစ်ခု စတင်ပေါင်းစပ်တဲ့အခါ အခက်အခဲ တစ်စုံတရာမရှိအောင်လည်း ဝိုင်းဝန်းဖြည့်ဆည်းပေးကြတဲ့ အချိန်အခါအနေနဲ့ ပါပဲ။ ကျွန်မတို့ ငယ်ငယ်ကဖတ်ဖူးတဲ့ သခင်ကိုယ်တော်မှိုင်း  “ အညာမင်္ဂလာဆောင် ” ဆိုတဲ့  ဒွေးချိုးကဗျာလေး လိုပေါ့ လက်ဆောင်တွေလည်း တနည်းအားဖြင့် လက်ဖွဲ့တွေလည်း တတ်နိုင်သလောက် ပေးပြီးမောင်မယ်တို့ ဘဝချောမွေ့အောင် တစ်ဘက်တလမ်းကကူညီကြတဲ့ အပြင် အသိအမှတ်ပြုပေးကြတဲ့ ပွဲဟာလက်ထပ်ပွဲပါ။
လက်ထပ်ပွဲဟာ တကယ်ပဲ လိုအပ်ပါသလား။ ချစ်ခြင်းမေတ္တာနဲ့ လေးစားအသိအမှတ်ပြုမှုအတွက် လိုအပ်တယ်လို့ ကျွန်မတော့ မြင်မိပါတယ်။ တကယ့် ချစ်ခြင်းမေတ္တာနဲ့ အဓိပ္ပါယ်ပြည့်ဝစွာလောက် ပြုလုပ်တဲ့ ပွဲလေးဟာ ကြည်နူးစရာကောင်းနေမှာပါ။ ဒါ့အပြင် ခရစ်ယန် လက်ထပ်ပွဲတွေမှာဆို ဘုရားရှင်နဲ့ အများရှေ့မှာ မောင်နဲ့မယ် သစ္စာများ ဆိုကြရပါတယ်။ ဒီလိုမျိုးဘုရားရှေ့၊ အများရှေ့မှာသစ္စာဆို ထားတာကြောင့်လည်း တော်ရုံစိတ်နဲ့ သစ္စာဖောက်ပြားဖို့ ဖြစ်မလာနိုင်အောင် ကာကွယ်သလိုဖြစ်တာကြောင့် လည်း တည်ဆောက် ထားတဲ့ အိမ်ထောင် မြဲခိုင်ဖို့ တွန်းအားတစ်ခုသဖွယ်ပေါ့။
ကျွန်မတွေ့ဖူးတဲ့ မမေ့နိုင်စရာ ချစ်ဖို့ ကောင်းတဲ့ မင်္ဂလာဆောင်လေး တစ်ခုအကြောင်းကိုတော့ ပြောပြချင်ပါသေးတယ်။ ကျွန်မထိုင်းမှာ ကျောင်းတက်တုန်းက PhD တန်းက အစ်မတစ်ယောက်ရဲ့ မင်္ဂလာပွဲလေးပါ။ သတို့သမီးက ထိုင်းဖြစ်ပြီး သတို့သားကတော့ သြစတျေးလျနိုင်ငံသား ပါမောက္ခတစ်ဦးပါ။ သူတို့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးကိုသူတို့နှစ်ယောက် နေထိုင်မယ့် အိမ်ကလေးမှာပဲ လုပ်တာပါ။ သူတို့ မင်္ဂလာပွဲကိုရောက်သွားတဲ့  ကျွန်မအတွက် ထူးဆန်းနေတာက သတို့သား၊သူတို့သမီးဟာ သာမာန် ဝတ်ရိုးဝတ်စဉ် အတိုင်းလေးသာ ဝတ်ဆင်ထားလို့ပါပဲ။ သတို့သား၊ သူတို့သမီးဝတ်စုံမျိုး မဝတ်ထားပါဘူး။ ရောက်လာကြတဲ့ အပေါင်းအသင်းတွေကလည်း ပေါ့ပေါ့ပါးပါးနဲ့ အားလုံးခင်မင်ကြတဲ့ သူတွေချည်းပါပဲ။ မခင်ရသေးတဲ့ သူတွေကိုတော့ သူတို့ နှစ်ယောက်ကလိုက်ပြီး မိတ်ဆက်ပေးနေကြပါတယ်။ ကျွန်မလည်း သူတို့ကို နှုတ်ဆက်ပြီး ကျွန်မယူလာတဲ့ လက်ဆောင်ပေးပြီး သိပ်မကြာခင်မှာသူတို့ရဲ့ မင်္ဂလာပွဲကိုစတင်ပါတယ်။
နှစ်ဘက်မိဘကို လေးစားစွာကန်တော့ကြပြီး မိဘတွေက ထုံးစံအတိုင်း သူတို့ နှစ်ယောက်ကို မင်္ဂလာပန်းကုံး ဆင်မြန်းပေးပါတယ်။ နောက်ပြီး  နှစ်ဦးသား သစ္စာစကားကို ပရိတ်သတ်ရှေ့မှာဆိုပြီး လက်စွပ်လဲလှယ် ဝတ်ဆင်လိုက်ကြပါတယ်။ ဒီလောက်ပါပဲ။ လက်စွပ်လဲပြီး အားလုံးပျော်ပျော်ပါးပါး သူတို့ကို ဝိုင်းပြီး ဆုတောင်းပေးကြတယ်။ ပြီးတော့ သူတို့ အိမ်လေးမှာ ဝိုင်းဖွဲ့ပြီးညနေစာကို စားသောက်ကြတယ်။ လာတဲ့ သူတွေ ကိုယ်တိုင်လည်း ဝိုင်ပုလင်းတို့ ၊ ဘီယာပုလင်းတို့ ၊ စားသောက်စရာတွေ ကိုလည်းသယ်လာကြတော့ သူတို့သား၊ သူတို့သမီး ပြင်ဆင်ထားတဲ့ စားသောက်စရာတွေအပြင် စုံစုံလင်လင် ပေါ့။ စားသောက်နေတုန်းမှာ ဂစ်တာတီးတတ်တဲ့ သူငယ်ချင်းတွေက ဂစ်တာတီးပြီး သူတို့သားနဲ့ သူတို့ သမီးအပါအဝင် ကျန်တဲ့ သူတွေ တစ်လှည့်စီ ကိုယ်ရသလို သီချင်းတွေ တူတူဆိုကြနဲ့ ပေါ့ပေါ့ပါးပါး ပျော်စရာသိပ်ကောင်းခဲ့တဲ့   မင်္ဂလာညနေခင်းလေးပါ။ မင်္ဂလာပွဲကိုတက်ရောက်လာတဲ့ သူတွေကလည်း သိပ်ကိုရင်းနှီးတဲ့သူတွေ အများစု ဖြစ်သလို စုစုပေါင်းလူ ၄၀ လောက်ပဲရှိတယ်လို့ ကျွန်မထင်ပါတယ်။ တကယ့်ကို ပကာသနမဖက်တဲ့ ပျော်ရွှင်စရာ လက်ထပ်ပွဲလေးကို ကျွန်မတက်ခဲ့ဖူးတာ မမေ့နိုင်အောင်ပါပဲ။ ကျွန်မ တခြားတွေ့ဖူးတဲ့ လက်ထပ်ပွဲတွေနဲ့ ခြားနားလွန်းလှ ပါတယ်။ ကျွန်မကြုံဖူးသော အခြားသော မင်္ဂလာပွဲတွေလို တက်ရောက်တဲ့သူ အတွက်လည်း တခုတ်တရ ပြင်ရဆင်ရ၊ မင်္ဂလာဆောင်တဲ့ သူကလည်း မင်္ဂလာဆောင်အတွက် နှစ်ရှည်လများ ပြင်ရဆင်ရ၊ ကုန်ကျစရိတ်ကလည်း များပြားပြီး အချိန်တန် ကုန်တဲ့ စရိတ်နဲ့ လက်ဖွဲ့ မကာမိလို့ ညည်းကြ ညူကြဆိုတဲ့၊ ငြိုငြင်ကြဖြစ်ကြတဲ့ မင်္ဂလာဆောင်တွေနဲ့ အကွာကြီးကွာပြီး သတို့သမီးနဲ့ သူတို့သားရဲ့ မျက်နှာမှာ အပျော်တွေကလွဲလို့  စိတ်ပင်ပန်းမှု တစ်စုံတရာကိုမတွေ့ခဲ့ရပါဘူး။ ကျွန်မသိပ်ကို သဘောကျမိ ပါတယ်။
တကယ်တော့ လက်ထပ်ပွဲ တစ်ခုထက် လက်ထပ်ခြင်းက ပိုပြီး အရေးကြီးတာပါ။  လက်ထပ်ပြီးသွားရင် နှစ်ဦးသားဘဝကို လက်တွဲမပျက် ဟန်ချက်ညီညီ ဘယ်လို လျှောက်လှမ်းသွားမလဲ ဆိုတာက ပိုပြီးအဓိက ကျပါတယ်။ ကျွန်မတို့  မိန်းကလေးတွေဟာ ခမ်းနားတဲ့ နတ်သမီးပုံပြင်ထဲက လက်ထပ်ပွဲကိုပဲ စိတ်ကူးယဉ်ပြီး ပိုအရေးပါတဲ့  လက်ထပ်ခြင်းဆိုတာကို တည်ဆောက်ဖို့  မေ့မနေသင့်ပါဘူး။ ကျွန်မအမြင် ပြောရရင် လက်ထပ်ပွဲကို ဘယ်လိုလုပ်မယ် ဆိုတာထက် လက်ထပ်ပြီးရင် နှစ်ယောက်သားဘဝကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတာကသာ တကယ်အလေးအနက်ထား ဆွေးနွေးရမယ့် အရာလို့ ထင်ပါတယ်။ အပေါ်ယံ ဂုဏ်ပကာသနတွေ ချယ်မှုန်းဖို့ တောင်းဆိုလာတဲ့ ချစ်သူကြောင့် စိတ်ညစ်နေတဲ့ ကျွန်မသူငယ်ချင်း ကောင်လေးကိုတော့ သူ့ကောင်မလေးကို နားလည် သဘောပေါက် လာအောင် နားဝင်လာအောင်၊ ပိုပြီးလေးနက်စွာ တွေးတောတတ်လာအောင်  စိတ်ရှည်လက်ရှည် စည်းရုံးပြောပြပေါ့ဟာ လို့သာ ကျွန်မအားပေး လိုက်ရပါတယ်။ ကျွန်မလည်း ကိုယ်တိုင် လက်ထပ်ပွဲကို ဆင်နွဲဖူးသူတစ်ယောက် မဟုတ်လို့ လက်ထပ်မယ့်  မိန်းကလေးတစ်ယောက်ရဲ့  ခံစားချက် အလုံးစုံကို ကိုယ်တိုင် မခံစားဖူးပေမယ့် အားလုံးကို ပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်စေချင်တဲ့ စေတနာလေးနဲ့ ကျွန်မ ဖြတ်သန်းဖူးတဲ့ မင်္ဂလာပွဲလေးတွေကို ယှဉ်တွဲခံစားမိတဲ့ ခံစားချက်နဲ့ ကျွန်မတွေးမိ မြင်မိတာလေးတွေကို  အနှစ်သာရနဲ့ ပြည့်စုံတဲ့ ကြည်နူးပျော်ရွှင်စရာ မင်္ဂလာဆောင်လေးတွေကို တက်ရောက်ချင်တဲ့ စိတ်နဲ့ ချရေးမိတာပါပဲ။



0 comments: