My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, August 28, 2013

မေမေချစ်တဲ့သားရဲ့ ချစ်သူ အတွက်



ဝါကျွတ်မှာ မင်္ဂလာဆောင်တော့မယ့် သူငယ်ချင်းတွေကို ပတ်ဝန်းကျင်က ပြောပြောနေသော စကားများက ကျွန်မ နားထဲ ရောက်ရောက်လာသောအခါ ကျွန်မ စဉ်းစားနေမိသော အကြောင်းအရာ တစ်ခု ရှိလာ ပါတယ်။ အဲဒီ အကြောင်းအရာများကို စောဒက တက်လိုပေမယ့် ကျွန်မကို သူတို့က နင်ဘာသိလို့လဲ အပျိုကြီးရဲ့ ကိုယ်မသိရင် မသိသလို နေပါလို့ ပြန်ပြောလာကြမှာမို့ မပြောဘဲ ထားရပေမယ့် စိတ်ထဲ ပြောချင်တာကို မပြောရသောကြောင့် သိပ်မကောင်းလှ။ ဒါကြောင့်  ကိုယ့် သဘောထားကို မပြောခင် ဘေးဘီကို လေ့လာ မေးမြန်းမိပါတယ်။ သူတို့ ပြန်ဖြေသော အဖြေများကို အခြေခံပြီး ဒီအကြောင်းလေးကို ရေးပြီး ကျွန်မ အတွေးကို ဝေမျှ လိုက်တာပါ။
          ပထမ ဦးဆုံး ကျွန်မပြောလိုတဲ့ အကြောင်းအရာက ကျွန်မတို့ ငယ်ငယ်ကတည်းက ကြားလာခဲ့ပြီး စိတ်ထဲ မသိစိတ်မှာ စွဲစေလာခဲ့တဲ့ ကျွန်မတို့ ပတ်ဝန်းကျင်က ယုံတမ်းစကားလိုလို၊ ဆုံးမစကားလိုလို၊ စကားပုံလိုလို စကားတွေပါ။ အကြင်လင်မယားတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေမှာလဲ “ မယားနေစ ကြောင်သေမှ” “လင်နေစ ဆင်သေမှ” “အမေပြော တစ်လ၊ မယားပြော တစ်ည” စသည်ဖြင့်အများကြီးပါပဲ။ တစ်ချို့သော ဆိုရိုးစကားတွေဟာ မှတ်သားနာယူလောက်စရာတွေ ရှိတတ်ပေမယ့် ကိုယ့် ဥာဏ်နဲ့ ဆင်ခြင်သုံးသတ်စေချင်တယ်လို့ ပြောချင်ပါတယ်။ အချို့သော ဆိုရိုးစကားတွေဟာ သွေးကွဲစေတဲ့ မညီမျှမှုကို ဖြစ်ပေါ်အောင် တွန်းအားပေးနေတဲ့ စကားတွေ ဖြစ်နေတတ်တာမို့ အိမ်ထောင်တစ်ခုရဲ့ အစမှာ ကိုယ့်စကား တစ်ခွန်းကြောင့် သူတပါး သာယာမယ့် ဘဝမှာ ဆူးနှောင့် မဖြစ်စေရအောင် အဲဒီလို စကားတွေကို သုံးပြီး ဆုံးမမယ် ဆိုရင်လည်း သူတပါးကို မဆုံးမခင် သေသေချာချာ ပြန်တွေးစေချင်ပါတယ်။
          ကျွန်မ သူငယ်ချင်းနောက် တစ်ယောက်ကလည်း ပြောလာတယ်။ သူ့ ရည်းစားကို သူချစ်တော့ ချစ်ပါရဲ့ လက်မထပ်ရဲဘူးတဲ့။ ကျွန်မက ဟယ် ဘာဖြစ်လိုလဲ သူငယ်ချင်းရယ် သူက ရိုးသားပြီး ကျိုးစားတဲ့ လူတစ်ယောက် နင့်အပေါ်လည်း ကောင်းတာပဲဟာ ဆိုတော့။ ဟုတ်တော့ ဟုတ်တယ်ဟ။ ဒီနောက်ပိုင်း သူ့နဲ့ သူ့အိမ် လိုက်လည်တာမျိုး လုပ်ကြည့်တဲ့ အခါ သူက သူ့အမေကို တော်တော် ချစ်ပြီး စကားနားထောင်တာ တွေ့ရတယ်။ သူများတွေက ပြောကြတယ်။ အမေကို သိပ်ချစ်တဲ့ သားလိမ္မာတွေက ခင်ပွန်းကောင်း ဖြစ်မလာနိုင်ဘူးလို့ လူတော်တော် များများက ပြောကြတယ်။ပတ်ဝန်းကျင်က အမြဲကြားနေကြ စကားထဲမှာ ပါနေတော့  ငါ သူ့ကို လက်ထပ်ရမှာ စိတ်လေးနေတယ်။ ကြောက်မိတယ်လို့ ဆိုပါတယ်။ ဟယ်သူငယ်ချင်းရယ် နင့်ကို သူ့အမေက ပညာပြတာ အနိုင်ကျင့်တာများ ရှိလို့လားဆိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူး အန်တီက အေးပါတယ်။ သူကသာ သူ့အမေကို ဂရုအရမ်းစိုက်တာတဲ့။
          ကျွန်မ အမြင်ပြောရရင် ယောင်္ကျားတစ်ယောက်ဟာ သူ့ကို ကိုးလလွယ်ဆယ်လဖွား၊ ဒီအသက်ဒီအရွယ်ရောက်အောင် ကျွေးမွေးပြုစု ယူယ လာခဲ့တဲ့ အမေကိုတောင်မှ ရိုသေ ချစ် မြတ်နိုးရကောင်းမှန်း၊ ဂရုစိုက် ပြုစုရကောင်းမှန်း၊ တန်ဖိုးထားရကောင်းမှန်း၊ စိတ်ချမ်းသာအောင် ထားရကောင်းမှန်း  မသိရင် ကိုယ် ဆိုတဲ့ တစိမ်း မိန်းကလေးကို တဏှာစိတ်ကြောင့် လောလောဆယ် လို့ ပြောလို့ရတဲ့ အစောပိုင်းကာလတွေ ဘယ်လိုပဲ ဂရုစိုက်ပါစေ သူတို့ ရိုးအီလာတဲ့ အချိန်မှာ ပစ်ဖို့ ဝန်လေးမယ် မထင်ပါဘူး။ တန်ဖိုးထားရကောင်းမှန်း သိတော့မှာ မဟုတ်ပါဘူး။ လူဆိုတာ သူ့ရဲ့ အခြေခံ အတွင်းစိတ်က သူ့ အပြုအမူတွေ ဆီမှာ ဖွင့်ဟ ပြနေတာမို့။ ကျွန်မကတော့ ယောင်္ကျားကောင်း တစ်ယောက် ဖြစ်မဖြစ် ဆိုတာ အကဲခတ်ချင်ရင် သူ့ အမေ၊ ညီမ၊ အစ်မ နဲ့ တခြားသော မိန်းကလေးတွေ အပေါ် ဘယ်လို ပြုမူ ဆက်ဆံသလဲ ဆိုတာ အကဲခတ်ပါ ဆိုတဲ့ စကားကို ပိုသဘောကျတယ်လို့ သူငယ်ချင်းကို ပြန်ပြောမိပါတယ်။ သူရဲ့ ကြင်နာ စာနာတတ်တဲ့ စိတ်၊ မိသားစုကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်အပြင်၊ သူ ဘယ်လောက် တည်ကြည်လေးနက်တတ် စာနာကူညီတတ်သလဲ ဆိုတာကိုပါ အကဲခတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
          ဒါပေမယ့် အဲဒီလို လေ့လာတဲ့ အခါမှာ ကိုယ့်ရဲ့ အကဲ ခတ်နိုင်စွမ်းပေါ်မှာလည်း မူတည်ပါလိမ့်မယ်။ ကျွန်မရဲ့ သူငယ်ချင်းထဲက ဆရာဝန်ကောင်လေး တစ်ယောက်ကတော့ သူ့ပတ်ဝန်းကျင်မှာ သူမြင်နေရတာကို အခြေခံပြီး အမေချစ်တဲ့ သားတွေ ခင်ပွန်းကောင်းမဖြစ်ဘူး ဆိုတဲ့ အဆိုအပေါ် သူက သုးုံသပ်ပြတာက  .. “၅၂၈ မေတ္တာကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့သူတွေက ၁၅၀၀ နဲ့လည်းတွေ့ရော အရူးအမူး တွေဖြစ်တတ်ကြတာကြောင့် လည်းနေမှာပါ။ ပြီးတော့ အမေကိုသိပ်ချစ်တဲ့သားတွေဆိုတာထက် ”အမေမှ အမေပဲ” ဆိုတဲ့သူမျိုးတွေသာ ခင်ပွန်းကောင်းမဖြစ်တတ်ကြတာပါ။” လို ဆိုပါတယ်။ တချို့သော ယောင်္ကျားတွေက တဏှာချစ် အပေါ်မှာပဲ အာရုံစိုက်တတ်ပြီး တချို့သော ယောင်္ကျားလေးတွေကို ၅၂၈ တစ်ခုတည်း အပေါ်မှာပဲ အစွန်းကျကျ ချစ်တတ်တာမျိုးကို သူကထောက်ပြရင်း “ခြင်္သေ့လည်ပြန်သီချင်းစာသားထဲကလို ”ဘယ်အရာ မဆို တစ်ဘက်စွန်းကျရင် တစ်ယောက်တော့ နစ်နာရစမြဲ” ဆိုတာလိုပေါ့။ တစ်ဘက်ဘက်ကို အစွန်းရောက် ဦးစားပေးလွန်းရင် အခြားတစ်ဘက်မှာတော့ လစ်ဟာရ နစ်နာရစမြဲပါ။” လို့ သူက ထပ်ပြီး ဖြည့်စွက်ပြောပြပါတယ်။ ဒါကြောင့် ကိုယ်ရွေးချယ်တဲ့ သူဟာ အစွန်းရောက်တဲ့သူ မဟုတ်ဖို့တော့ မိန်းကလေးတွေ သတိထား ရွေးချယ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။
          နောက်ထပ် အသက် ( ၂၈ ) နှစ်အရွယ် အိမ်ထောင်ရေး အဆင်မပြေရှာတဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူရွေးချယ်မိတဲ့ ခင်ပွန်းက ငယ်ငယ်လေး ကတည်းက အမေကို သိပ်ကြောက် ရတဲ့ သူမို့ အိမ်ထောင်လည်း ကျရော သူ့အမေက ချွေးမကို သူ သဘောနဲ့ ရွေးချယ်ပေးထားတဲ့ သူ မဟုတ်တာကြောင့် သူ့သားကို လုယူတဲ့ ရန်သူလိုမျိုး ဆက်ဆံတာကို ကိုယ်တိုင်လည်း အရမ်းကို ကြောက်တာမို့ မိန်းမနဲ့ အမေကြားမှာ  ဘယ်လိုမှ မဖြောင်းဖျနိုင်တဲ့အပြင် အမေကို မလွန်ဆန်ရဲလို့ မိန်းမကို သူကိုယ်တိုင် နောက်ဆုံး ရက်ရက်စက်စက် ဥပက္ခာပြုခဲ့တယ်လို့ သူခံစားခဲ့ရတာကို ရင်ဖွင့်ပါတယ်။ သူ့ယောင်္ကျားဟာ အရည်အချင်းရှိတဲ့ ယောင်္ကျားတစ်ယောက်မို့ မိသားစုကိုလည်း ကောင်းကောင်း စောင့်ရှောက်နိုင်တယ်။ သူ့အပေါ် ချစ်ရက်နဲ့ အမေကို မလွန်ဆန်နိုင်လို့ သူတို့ နှစ်ယောက် နောက်ဆုံး ကွဲခဲ့ရတာပါလို့လည်း သူ့ အခြေအနေကို သုံးသတ်ပါတယ်။ ဒီအခြေအနေမှာလည်း အမေကို ချစ်တာနဲ့  ဘာမှကို ပြန်မပြောရဲလောက်အောင် အကြောက်လွန်တာဟာ မတူညီဘူး ဆိုတဲ့ အချက်ကို ခွဲခြား သုံးသတ်နိုင်ရလိမ့်မယ် ဆိုတာကို ပြဆိုနေပါတယ်။
          နောက်ထပ် ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦးက သူ့ မိသားစုထဲမှာ တွေ့မြင်နေရတဲ့ အကြောင်းအရာကို ကြည့်ပြီး သုံးသပ်ပြောပြတာက “ကျွန်မ အမြင်တော့ အမြဲ သဘောထား ကွဲလွဲနေတတ်တဲ့ မိခင် နှင့် မိန်းမ ဆို သောအမျိုးသမီး နှစ်ယောက် ကြောင့်လိုပဲ ထင်ပါတယ်” လို့ ဆိုပါတယ်။ သူ့ ချစ်သူနဲ့ (၇)နှစ်လောက် ချစ်သူ သက်တမ်းကို ကျော်ဖြတ်လာပြီး မကြာခင် လက်ထပ်တော့မယ့် ၊ နှစ်ဖက်မိဘများနှင့်လည်း အဆင်ပြေနေတဲ့ အမျိုးသမီးလေး တစ်ဦးကတော့ “မိဘကိုသိတတ်တဲ့သားသမီးက ဘယ်တော့မှမဆင်းရဲဘူး ဆိုတာကိုယုံကြည်တဲ့အတွက် ထားတတ်တဲ့စိတ်နဲ့ဘဲဆိုင်မယ် ထင်တယ် သူ့မိဘထက် ကိုယ့်ကိုမပိုသေးဘူးဆိုရင် ကိုယ့်ပေးတဲ့ချစ်ခြင်းက သူ့မိဘပေးတဲ့ချစ်ခြင်းကို မမှီသေးလို့နေမှာပေါ့”  ဟု သူ့သဘောထားကို ရိုးရိုး ရှင်းရှင်း ပြောပြပါတယ်။ ထိုင်းနိုင်ငံမှာ ဘွဲ့လွန် တက်ရောက်နေတဲ့ အမျိုးသမီးလေး တစ်ဦးက သူမရဲ့ သုံးသပ်ကို ပြောပြတာက မိန်းကလေး အများစုဟာ သူတို့ ချစ်သူတွေ သူတို့ ခင်ပွန်းတွေ က သူတို့ ကိုသာ အချစ်ဆုံးဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုး ရှိတတ်တာကိုတွေ့ရပါတယ်။ တကယ်က သူ့ဘဝမှာ ကိုယ့်ထက်စောပြီး ရင်နှီးကျွမ်းဝင်နေတဲ့ သူ့မိသားစုကို ချစ်ရှာမှာပဲ ဆိုတဲ့ စိတ်နဲ့ တွေးကြည့် ပေးပြီး နားလည်ပေးပြီး အချစ်တွေကို ခွဲဝေပေးနိုင်ရင်။ ကိုယ်တိုင်ကလည်း သူချစ်သလို လိုက်ချစ်ပေးနိုင်အောင်လည်း ကျိုးစားနိုင်ရင် တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလို အဆင်ပြေသာယာမယ်လို့ ထင်မိပါတယ်လို့ ဆိုပါတယ်။
          ကျွန်မ ပတ်ဝန်းကျင်က သာယာတဲ့ မိသားစု အိမ်ထောင်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး လေးဦးကတော့ အမေကို ချစ်ပြီး သူရဲ့ မူရင်း မိသားစုက အစ်မတွေ ညီမတွေကို ညှာတာ ချစ်ခင်တဲ့ သူကို ရွေးချယ်ခဲ့တာဟာ သူတို့ရဲ့ အိမ်ထောင်မှာ သာယာရတဲ့ အဓိက အကြောင်းအရင်းလို့ တစ်သံတည်း ဆိုကြပါတယ်။ “အမေတွေအပေါ်သာမက ဆွေမျိုမိဘတွေကို ချစ်မြတ်နိုးတတ်တဲ့ သူတယောက်ဟာ ကိုယ့်အပေါ်မှာလည်းကောင်းပါတယ်။ မွေးထားတဲ့ အမေကိုသာ မသိတတိမှတော့ ကိုယ့်အပေါ်လည်း ကောင်းမယ်လို့ မမျှော်လင့်နဲ့ ” “ကိုယ့်အမေကိုယ် တန်ဖိုးထားတဲ့ယောင်္ကျားဟာ သူများအမေတွေကိုလဲ တန်ဖိုးထားတယ် .. အဲလိုပဲ အမေဖြစ်လာတဲ့ ကိုယ့်မိန်းမကိုလဲ တန်ဖိုးထားပါတယ်” “အမေနဲ့ အစ်မ၊ ညီမတွေကိုမှ မချစ်တတ်တဲ့ ယောက်ျားက သွေးမတော်သားမစပ် မိန်းကလေးတစ်ယောက်ကို ဘယ်လို ကိုယ်ချင်းစာပြီး ချစ်နိုင်ပါ့မလဲ... ချစ်တယ် ဆိုရင်လဲ အဲဒါက အပေါ်ယံ တဏှာချစ်ပဲ ဖြစ်မှာ လို့ ထင်တယ်”  လို့ အသီးသီးက ဆိုကြပါတယ်။
ကျွန်မ နောက်ထပ် ထောက်ပြချင်တဲ့ တစ်ချက်ကတော့ မိန်းကလေးတွေဟာ အိမ်ထောင်မပြုခင် ကိုယ့် ချစ်သူရဲ့ မိသားစုနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်ပါတယ်။ လူတွေဟာ ကိုယ်မှာ ရှိနေတာကို ရော့သွားမှာ ကြောက်တတ်တဲ့ သဘောကို ကိုယ်က ကြိုမြင်ထားပြီး သူတို့ မိသားစုဝင်ဟာ သူ့တို့ကို ချစ်တဲ့ အချစ် ကိုယ်ရှိလာလို့ ရော့မသွားဘူး သူတို့ကို ချစ်မယ့် သူတစ်ယောက်ကိုသာ မိသားစုထဲ ထပ်ခေါ်လာတာပါ ဆိုတာမျိုးကို သူတို့ ယုံကြည်လာအောင် ကျိုးစားသင့်သလို ကိုယ်တိုင်ကလည်း ငါ့ပဲချစ်ရမယ် သူများကိုတော့ ငါ့ထက် ပိုမချစ်နဲ့ ဆိုတဲ့ စိတ်မျိုးထက် ၅၂၈ မေတ္တာနဲ့  ၁၅၀၀ မေတ္တာရဲ့ မတူညီမှုကို နားလည်ပေးနိုင်ရင် သာယာတဲ့ အိမ်ထောင်စု တစ်ခုကို တည်ထောင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။  အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ကတော့ သူမက မိန်းကလေးတွေကို “အမေတွေညီမတွေကိုချစ်တတ်တဲ့သူကိုပဲစဉ်းစားပါ!” လို့ အကြံပေးထားပါတယ်။
နောက်ဆုံး တစ်ချက်အနေနဲ့ အိမ်ထောင်ကျဖို့ထက် အိမ်ထောင်ကျပြီးသွားရင် သာယာတဲ့ အိမ်ထောင်ကို တည်ဆောက်နိုင် မဆောက်နိုင်ဆိုတာ အရေးကြီးပါတယ်။ အချိန်တိုလေးနဲ့ အဆုံးဖြတ်ပါနဲ့။ ရည်းစားထားလိုက်တာနဲ့ ဒီတစ်ယောက်ကို ယူကို ယူမယ်ဆိုတာထက်။ သေသေချာချာ လေ့လာပါ။ အချိန်ယူပြီး လေ့လာပါလို့ ဆိုချင်ပါတယ်။ ရည်းစားမထားခင် တွဲကြည့်ပါ။ တွဲကြည့်လို့ အဆင်ပြေမှ ရည်းစားထားပါ။ ရည်းစားထားလို့ အဆင်ပြေမှ လက်ထပ်ဖို့ ဆုံးဖြတ်ပါ။ အဲဒီ အချိန်မှာ ကိုယ့်ကိုကိုယ် ဘယ်လို ထိန်းမလဲ။ ကိုယ့် relationship ကို ဘယ်လို ခိုင်မာအောင် လုပ်မလဲ ဆိုတာတွေက ဖြတ်သန်းရမယ့် အကြောင်းအရာ တွေပါ။ မလေ့လာဘဲ ဘာကို မှ မသိနိုင်ပါဘူး။ လူအကြောင်းက ပိုလေ့လာရခက်ပါတယ်။ 
အမေကို ရိုသေ မြတ်နိုးတတ်တဲ့ သူလား။ အစွန်းရောက်ချစ်တတ်သူလား။ ကြောက်စိတ်လွှမ်းသူလား။ တကယ် ကိုယ် ယုံကြည်ကိုးစား ရလောက်တဲ့ စိတ်ဓါတ်ရှိသူလား။ သေသေချာချာလေ့လာလို့ ဆိုချင်ပါတယ်။ ကိုယ်တိုင် လေ့လာချက်မဟုတ်ပဲ။ ဘေး အပြောစကားတွေ၊ ဆိုရိုးတွေနဲ့လောက်နဲ့လည်း ဝေဝေ ဝါးဝါး မဖြစ်စေချင် သလို ကျွန်မတို့ ပတ်ဝန်းကျင်မှာ အများကြီး တွေ့နေရတဲ့  ခုတွေ့ ခုကြိုက် ခုညား ဆိုတာတွေ  ပြီးတော့မှ သိပ်မကြာခင် အကွဲအပြဲ သံတွေ ထွက်လာတဲ့ အိမ်ထောင်တွေလည်း အနာဂတ်မှာ များမလာစေချင်ပါဘူး။ 
 ကျွန်မက အိမ်ထောင်မရှိဘူး ဆိုပေမယ့် မသာယာတဲ့ အိမ်ထောင်တွေနဲ့ သူတို့ကြားက မြေဇာပင်ဖြစ်ရတဲ့ ကလေးတွေကို မြင်ရရင် စိတ်မကောင်းဖြစ်ရတာကြောင့်ရယ်  အခု ကျွန်မ သူငယ်ချင်းလို ငယ်ငယ်ကတည်းက ကြားထားတဲ့ အဆိုအမိန့်တွေကြောင့် ကိုယ့် ဆုံးဖြတ်ချက်ကို ဝေဝေဝါးဝါး ဖြစ်နေသူကို တွေ့ရတော့  သူ့လို သူမျိုးတွေလည်း ရှိနေပါလားလို့ သတိထားမိတာကြောင့်ရယ် အခုဆောင်းပါးလေးကို ရေးလိုက်တာပါ။ ဘာကိုမဆို မသိလျှင် မေးပါ၊ ကိုယ်တိုင်လည်း လေ့လာပါ။ စုဆောင်းရသမျှ  အကြောင်းအရာတွေကို ကိုယ့်ရဲ့ ဆင်ခြင်ဥာဏ်နဲ့ ပိုင်ခြားဆင်ခြင်ဆုးံဖြတ်ပြီး ကိုယ့်စိတ်ကိုလည်း အကောင်းဆုံး ပြင်ဆင်ကာ သာယာတဲ့ဘဝကို တည်ဆောက်နိုင်ပါစေလို့။
 ခင်မင်စွာဖြင့်

1 comments:

Han Kyi said...

ချစ်ခြင်းမေတ္တာဆိုတာ အနက်ဖွင့်ရင် အင်မတန်ကျယ်တာကလား...ရသကိုးပါးထဲက သိင်္ဂါရ ရသကိုတောင် အုပ်စုတွေ ပြန်ခွဲထားရတာကိုပဲ ကြည့်ပေရော့...

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ အားလုံးအပေါ်မှာ မျှတမှုရှိတဲ့ သစ္စာတရားနဲ့ နားလည်မှုအပေါ်မှာ အခြေခံထားတဲ့ နိယာမလို့ပဲ ဦးဟန်ကြည်ကတော့ ခံယူပါသဗျား...