My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, June 14, 2013

နှစ်ပတ်လည် အမှတ်တရ

   နေ့သစ် တစ်နေ့။ အိပ်ယာက နိုးလာပြီ။  အာရုံက နိုးလာသောလည်း မျက်လုံးကမဖွင့်ချင်။ ဒီနေ့ ဘာစာရေးမလဲလို့ ငြိမ်ငြိမ်လေး စဉ်းစားနေရသည်။ မနေ့က ငါ ဘာတွေ ရေးခဲ့လဲ။ ဒီနေ့ ဘာရေးဦးမှာလဲ။ 
    ကျွန်မသည် စာရေးခြင်းနှင့် တော်တော်ကို အကျိုးပေးသူ ဖြစ်လိမ့်ပါလိမ့်မည်။ ကျောင်းစာ ရေးလျှင်ရေး ၊ မရေးလျှင် ဘလော့ဟုခေါ်သော အင်တာနက် စာမျက်နှာတွင် စာရေးသည်။ ကျွန်မတွေးသည် ပြီးလျှင် ရေးသည်။ တွေးဖို့ စာဖတ်သည်။ ခရီးသွားသည်။ လူများနှင့် စကားပြောသည်။  သည်လိုနှင့် ကျွန်မ တစ်နေ့တာများ ကုန်ကုန်သွားရလျှင် ကျေနပ်လွန်းလှသည်။  တစ်ခါတလေတော့ ဘဝက ကျေနပ်စရာ မကောင်းလှတော့ တွေးရင်း ရေးမရ၊ ဖတ်ရင်း တွေးမရ၊ လူတွေနဲ့ စကားပြောရင်း စိတ်ဓါတ်ကျ၊ ခရီးသွားရင်း မောပန်းလာပြီး ဘာမှ လုပ်မရတော့သော အချိန်များလည်း ရှိသည်။ ဘာဖြစ်ဖြစ် ဒါတွေ အားလုံး ဘယ်သူ လုပ်နေတာလဲ ဆိုရင် ကျွန်မ လုပ်သည်သာ။ ကျွန်မရဲ့ ဖြစ်တည် မှုသည်သာ။
          ဖြစ်တည်မှုလို့ စဉ်းစားရင်း ကျွန်မ ခေါင်းထဲမှာ အသိ တစ်ခု ဝင်လာက ကျွန်မရဲ့ အလွမ်းပြေ ဆိုတဲ့  Blog လေးကို စရေးဖြစ်တာ ဒီ ဇွန်လ မိုးဦးကျ ကာလလေးမှာပဲ။ 
ဟုတ်ပါရဲ့ ဇွန်လ ၆ ရက်နေ့ ကျွန်မရဲ့ ပထမဦးဆုံး ပို့စ်လေး တင်ဖြစ်တဲ့နေ့ပေါ့။ ကျွန်မ ဘာလို့များ ဒီလောက်တောင် မေ့နေတာပါလိမ့် ကျွန်မ Blog လေးရဲ့ မွေးနေ့ကို။
          ကျွန်မ Blog စရေးတော့ ကိုယ့် ဒိုင်ယာရီလေး သက်သက်လိုမျိုးသာ ရေးခဲ့တာကြောင့်  Blog’s Description  ရှင်းပြချက်မှာတောင် My Diary လို့ ပဲ ရှင်းရှင်း တစ်ခွန်းတည်း ရေးထားခဲ့ပါတယ်။ မိသားစုနဲ့ ကိုယ်ချစ်တဲ့ မြေနဲ့ ဝေးနေတဲ့ အချိန်မှာ အလွမ်းပြေ စိတ်ပြေလက်ပျောက် သဘောမျိုးနဲ့ ရေးခဲ့တာကြောင့် Blog Title ကိုလည်း အလွမ်းပြေလို့ပဲ ပေးခဲ့တယ်။  
          အခုဆိုရင် ကျွန်မ Blog လေးရဲ့ သက်တမ်းက ( 2008-2013) ၅ နှစ်တိတိ ရှိခဲ့ပါပြီ။ အစကတော့ ကိုယ့် အတွေ့အကြုံလေးတွေ၊ ကိုယ်တွေးမိတာလေးတွေ ချချရေးရင်း လာဖတ်တဲ့ သူတွေ ရှိလာတဲ့ အခါ ကိုယ့်စိတ်ထဲမှာ စာဖတ်သူ ဆိုတာ ရောက်လာပါတယ်။ စာဖတ်သူတွေကို ကျွန်မ Blog လေး လာဖတ်ခဲ့အရာ သူတို့ ပေးလိုက်ရတဲ့အချိန်၊ နောက် သူတို့ရဲ့ ကျွန်မကို အားပေးချင်တဲ့ စေတနာ ၊ အထူးသဖြင့် ဘလော့ ရေးဖော်ရေးဖက် ညီအစ်ကို မောင်နှမတွေရဲ့ အားပေးတဲ့ စေတနာလေးကို အလဟသ မဖြစ်သွားစေချင်တဲ့ စေတနာ ကျွန်မဆီမှာ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူများတွေ ရေးတဲ့ စာတွေကို အတူယူ ဖတ်ရှုရင်း သူတို့လို တစ်ခုခု ပေးလိုက်နိုင်တဲ့စာလေးတွေ ကြိုးစားပြီး ရေးမယ် ဆိုတာမျိုး ကျွန်မ ခံယူချက်လေး ရလာခဲ့တယ်။
          တစ်ခုခု .. အဲဒီ တစ်ခုခု ဆိုတာ ကျွန်မ စဉ်းစားတဲ့ အခါ ကျွန်မ စာရေးဖို့ ခက်လာတယ်။ ဗဟုသုတလား။ ရသလား။ ဗဟုသုတ ဆိုရင်ကော ကျွန်မမှာ  သူများဆီက လေ့လာသိရှိခဲ့တာတွေ ပြန်ပြီး မျှဝေဖို့လား ကိုယ်တိုင် ရှာဖွေ တွေ့တာတွေလား။ ရသကရော ဘယ်လိုလဲ ဘာရသ ပေးမှာလည်း စတာတွေနဲ့ တစ်ဝဲလည်လည် ဖြစ်နေပြီး စာရေးချလို့ မရတဲ့ အချိန်တွေလည်း ရှိခဲ့ပါသေးတယ်။  ဒါပေမယ့် အားပေးသူ တွေရဲ့ လာဖတ်ပေးသူတွေရဲ့ ပေးတဲ့ အားအင်တွေရယ် နောက် တခြားသော စာရေးသူတွေရဲ့ နမူနာကောင်းတွေကို ဖတ်ရှုလေ့လာရင်းနဲ့ တဖြည်းဖြည်း ပုံမှန် ကျွန်မရေးလေ့ ရေးထ ရှိလာပါတယ်။
          နောက်ပြီး ကျွန်မ စာမရေးရင် စာရေးဦးလေ၊ အသစ်ဖတ်ချင်တယ်၊ လက်ပျက်လာဦးမယ်၊ ရေးပါဟ၊ ဒီအကြောင်းအရာလေး ရေးပါလား ဆိုတာမျိုးလေးတွေ နောက်ပြီး ဒါလေးကို ဒီလိုမြင်တယ် ဆိုတာမျိုးလေး ကုန်ကြမ်းပေး တတ်သူ တွန်းအားပေးခဲ့ကြတဲ့ အားပေးဖော်၊ သူငယ်ချင်းတွေကလည်း ရှိခဲ့တာကြောင့် စာရေးပျင်းနေ ခဲ့ရင်တောင် စာရေးဖြစ်ဖို့  ပြန်သတိရစေ ပါတယ်။            
          ကျွန်မ စာတွေမှာ လောဘ မပါအောင် ကျွန်မ ကြိုးစားတယ်။ ပေးချင်တာတွေ အများကြီး လူအများကြီး ဖတ်ဖို့ထက်။ ပို့စ် တစ်ခု ချင်းစီမှာ အရိုှးရှင်းဆုံးဖြစ်အောင် ကြိုးစားပြီး အကြောင်းအရာ တစ်ခုတည်းကို ဦးတည် ရေးဖို့ ကြိုးစားတယ် စာဖတ်သူ အမျိုးအစား တစ်ခု စီလောက်ကိုပဲ ဦးတည် ရေးဖို့ ကျွန်မ ကြိုးစားလာခဲ့တယ်။
          ရသဆိုလည်း ရသစုံဖို့ထက် ရသ တစ်ခုစီလောက်ကို ပေါ်လွင်အောင် ကြိုးစားတာမျိုး ဖြစ်လာခဲ့တယ်။ စေတနာလို့ ပြောရင် စာဖတ်အားများလာစေချင်တာကြောင့် စာဖတ်နည်းသူတွေအတွက် ရည်ရွယ်ပြီး သူတို့ကို စာဖတ်ကျင့်လေး ဖြည်းဖြည်းစီ ရလာပါစေ ဆိုတဲ့ စေတနာနဲ့ ကျွန်မ စာတိုလေးတွေ ရေးဖို့ ကြိုးစားခဲ့ပါတယ်။ 
                    ကျွန်မ Blog မှာ Comment တွေ Message တွေမထားခဲ့ပေမယ့် ဘလော့ ဒေတာအရ စာဖတ်သူ ဘယ်လောက်ရှိတယ် ဆိုတာ ကျွန်မ တွေ့နေရတော့  အဲဒီ ဒေတာအရ ကျွန်မကို စာရေးဖို့ တွန်းအား အများကြီး ပေးခဲ့ပါတယ်။ အခုဆိုရင် ကျွန်မ Blog ပို့လေးတွေကို ပုံနှိပ်စာလုံး အဖြစ် ဂျာနယ်မှာ ပါလာနိုင်ပါပြီ။  အဲဒီလို ပါဝင်ခွင့်ရလာတာရော  ဒီ Blog လေးကို အခု အချိန်အထိ စွဲစွဲမြဲမြဲ ရေးဖြစ်နေခဲ့တာ စာဖတ်သူတွေ ပေးတဲ့ အားအင်ကြောင့်ပါပဲ။ ဒါကြောင့် စာဖတ်သူတွေကို ကျွန်မ ကျေးဇူးတင်ကြောင်း ပြောချင်သလို တကယ်လို့ ဝေဖန်ချင်တာ ထောက်ပြချင်တာမျိုးရှိရင် ၊ ဘယ်လို စာလေးတွေ ဖတ်ချင်တယ်လို့တဲ့ အကြံပေးချက်မျိုး ရှိရင်လည်း ကျွန်မကို Email ပို့ပြီးပဲဖြစ်ဖြစ် Comment ပေးခဲ့ပြီးပဲ ဖြစ်ဖြစ် အကြံပြုလို့ရပါတယ်လို့ ပြောချင်ပါတယ်။
          ကျွန်မဟာ ဝါသနာရှင် အဆင့်ပဲ ရှိသေးတာမို့ ကျွန်မ ဆက်ပြီး ကြိုးစားသွားပါ့မယ်။
          ကျွန်မ ရဲ့ စာဖတ် ပရိတ်သတ်တွေနဲ့ ကျွန်မ ရဲ့ စာတွေကို Blog စာမျက်နှာကနေ ပုံနှိပ်စာလုံးလေးတွေ အဖြစ် မြင်တွေ့ခွင့်ကို ပေးတဲ့ Women World Journal က မမမိုးနဲ့ အဖွဲ့သားများ အားလုံး၊ ကျွန်မကို စာရေးဖြစ်အောင် အမြဲ တိုက်တွန်း အားပေးခဲ့တဲ့ အားပေးဖော် အားလုံး ကို ဒီစာလေးနဲ့ လှိုက်လှိုက်လှဲလှဲ ပြောချင်ပါတယ် … 
“အားအင်တွေပေးတဲ့ အားလုံးကို သိပ်ကို ကျေးဇူးတင်ပါတယ်လို့” 
ကျွန်မ Blog နှစ်ပတ်လည် အမှတ်တရ ပို့စ်လေးကနေ ပြောလိုက်ချင်ပါတယ်။ 
ခင်မင်စွာဖြင့်

2 comments:

Unknown said...

ဘလော့ဂါတွေ ဘလော့ပေါ်မှာ စာတွေများများရေးနိုင်ပါစေ ဆုတောင်းပါတယ်...... အလွမ်းတွေပြေသွားလို့ စာတွေမရေးတော့ဘူးဆိုရင်တော့ ခက်လှပါသည်.... အမြဲတမ်းလဲ မလွမ်းစေချင်ပါ...း) မလွမ်းလဲ စာတွေ အမြဲရေးနေပါနော်....

ခင်မင်တဲ့
seesein

Phyu said...

ဆက်ကြိုးစားပြီး ရေးပါ့မယ်ရှင့် ။ ဝေဖန် အားပေးပါဦးနော်။ အားပေးတာ အရမ်းကျေးဇူးတင်ပါတယ်။