My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, February 14, 2013

အမျိုးသမီးများ အပေါ် အိမ်တွင်းအကြမ်းဖက်ခံရမှု မှ ကာကွယ်တားဆီးရေး



တစ်ညနေ ကျွန်မတို့ ငယ်သူငယ်ချင်းတွေ တွေ့ကြဖို့ ချိန်းထားကြတဲ့ ဆီကို ကျွန်မ သူငယ်ချင်း တစ်ယောက်  နောက်ကျပြီး ရောက်လာပါတယ်။ နောက်ပြီး သူ့ကြည့်ရတာ ဒေါသထွက်လာတဲ့ ပုံမို့ ကျွန်မ တို့က သူ့ကို နင်ဘာဖြစ်လာလဲလို့ မေးတော့ သူက ငါ့ လင်ညီအစ်မလေ အ ချက်က ကမ်းကုန်ရော ငါ ဒီလာကာနီး သူနဲ့ တွေ့လာတာလို့  အစချီပြီး သူစိတ်တိုနေရတဲ့ အကြောင်းကို ပြောပြပါတယ်။ လင်ညီအစ်မ ဆိုပေမယ့် သူ့ယောင်္ကျားရဲ့ ဝမ်းကွဲ ညီရဲ့ မိန်းမပါ။ ယောင်္ကျားကို ကြောက်ရတယ်တဲ့။ အခုလည်း ယောင်္ကျားက ရိုက်ထားလို့ မျက်နှာကြီး တစ်ခုလုံး ဖူးရောင်ပြီး နေတယ်တဲ့။ 
ဟယ် သူက ဘာသွားလုပ်မိလို့လဲဆိုတော့။ သူ့ယောင်္ကျား က သူ အပြင်သွားမှာကို မသွားနဲ့ ဆိုပြီး တားတာ သူက သွားမှ ဖြစ်မယ် ဆိုတာ ရန်ဖြစ်တာတဲ့။ အဲဒါ သွားရကောင်းလား ဆိုပြီး ရိုက်တာလို့ ပြောပါတယ်။ ဟယ် ဘယ်သွားမှာ မို့လဲ ဆိုတော့ အမေ့ အိမ်ပြန်တာတဲ့။ သူ့ ယောင်္ကျားက ယောက္ခမ တွေနဲ့ သိပ်မကြည်လင်ဘူး။ အဲဒါ မိန်းမကို နင့် အမျိုးတွေနဲ့ မဆက်သွယ် ရဘူးလို့ ပြောတယ်။ အဲဒါ နောက်ဆက်တွဲ အနေနဲ့ ဖြစ်ကြတာပဲ။  မျက်နှာတစ်ခုလုံး ဖူးယောင်နေအောင် အရိုက်ခံ ထားရတော့ အခု သူ့အမေအိမ် သူမပြန်ရဲ ဖြစ်နေတယ်။ အဲဒါ ရင်ဖွင့်လာလို့ သွားကြည့်ရင်း စိတ်တို လာတာလို့ သူငယ်ချင်းက ပြောပြပါတယ်။ 
ကျွန်မတို့လည်း ကြားရတာ စိတ်မကောင်း ဖြစ်မိတယ်။ ကျွန်မက အိမ်ထောင်သည် မဟုတ်တော့ အိမ်ထောင်ရေး ပဋိပက္ခတွေအကြောင်း မပြောချင်ပါဘူး။ အဆင်မပြေတာတွေက ရှိမှာပါ။ ဒါပေမယ့် ကိုယ်ထိ လက်ရောက် ဖူးယောင်အောင် ရိုက်နက်တာဟာ မဖြစ်သင့်တဲ့ အရာပါ။
ကျွန်မ ကိုယ်တွေ့လို့ ပြောလို့ရတဲ့ အစ်မ ဝမ်းကွဲ တစ်ယောက်ရဲ့ အဖြစ်ကိုလည်း ပြောပြချင်ပါသေးတယ်။ သူ့ ယောင်္ကျားနဲ့ သူ ယူကြတုန်းက ဘာသာမတူ၊ လူမျိုးမတူလို့ အိမ်က သဘောမတူ ကြပါဘူး။ နောက်တော့ ယူပြီး သိပ်မကြာခင်မှာဘဲ သူ့ယောင်္ကျားက အဲဒီ အကြောင်း မင်္ဂလာဆောင်မှာ သူတို့ သမီးအိမ်က လူတွေ မလာလို့ သူ သိက္ခာကျကြောင်းတွေ ရမယ်ရှာ လာပါတယ်။ နောက်တော့ အရက်လည်း အရမ်းသောက်လာပြီး အလုပ်လည်း သေသေချာချာ မလုပ်တော့ပါဘူး။ ကလေး တစ်ယောက် ရလာပြီးတဲ့ နောက်ပိုင်းမှာ အလုပ်မလုပ်ဘဲတောင် အိမ်မှာ ထိုင်နေတဲ့ အထိ ဖြစ်လာပါတယ်။ ဒုတိယ ကိုယ်ဝန်နဲ့ အစ်မကပဲ အလုပ်လုပ်နေပါတယ်။ 
ဒါပေမယ့် အစ်မက စာရင်းကိုင်ဆိုတော့ လခ ကောင်းတော့ အိမ်ကို ထိန်းထားနိုင်ပါတယ်။ ဒုတိယ ကလေးမွေးကာနီး အစ်မ ခွင့်ယူထားတဲ့ အချိန် မှာ သူ့ယောင်္ကျားက သူ့ကို အရက်ဖိုးတောင်းပါတယ်တဲ့။ အဲဒီ အချိန်မှာ အစ်မက မီးပူတိုက်နေတာပါ။ သူ့ယောင်္ကျား အရက်သောက်တယ် ဆိုတာကလည်း တော်ရုံမဟုတ်ဘဲ စားသောက်ဆိုင်လောက်မှ သောက်တာပါ။  အစ်မက ကလေးမွေးဖို့ စုရတဲ့ အချိန်မို့ အဲဒီလို မလုပ်ပါနဲ့ မဖြုန်းပါနဲ့တော့လို့ ပြောလို့  စိတ်ဆိုးပြီး ရိုက်ပါတယ်။ နောက်ပြီး အစ်မ တိုက်နေတဲ့ မီးပူကို ဆွဲပြီး မီးပူနဲ့ ကပ်လိုက်တာ မျက်နှာ တစ်ခြမ်းလုံး လောင်သွားပါတယ်။ အဲဒါကို ဘယ်သူမှ မသိကြရပါဘူး။ သူ့ယောင်္ကျားကြောင့် ဆိုတာ မောင်နှမတွေ မိဘတွေ သိရင် မိုးမီးလောင်မှာကိုး။ မိဘတွေက အိမ်မလာတာ ကြာလို့ လိုက်သွားမှ တွေ့ပြီး ပြဿနာတွေ တက်ကုန်ကြရောပေါ့။ တရားစွဲမယ် ရဲတိုင်မယ် အထိ ဖြစ်လာရော။ အဲဒီတော့ အစ်မက ဘာပြောလဲ ဆိုတော့ သူ့ ကလေးတွေ မျက်နှာနဲ့ပါ၊ အဖေ မရှိဖြစ်မယ်။ မလုပ်ပါနဲ့တဲ့။ သူ့ ယောင်္ကျားကို သူ ခွင့်လွှတ်တယ် တဲ့လေ။ 
ကျွန်မတို့ ပတ်ဝန်းကျင်မှာ အိမ်တွင်း အကြမ်းဖက်မှုတွေကို အများကြီး တွေ့နေရပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုကို အများဆုံး ခံနေရတာက မိန်းမတွေနဲ့ ကလေးတွေပါ။ ကျွန်မ ပြောပြတဲ့ ကျွန်မ အစ်မလို မိန်းမမျိုး၊ သားကို သခင် လင်ကို ဘုရား၊ အဖေ မရှိရင် ကလေးတွေ မျက်နှာ ငယ်မှာပဲ ဆိုတဲ့ မိန်းကလေး မျိုးတွေ ကျွန်မတို့  ပတ်ဝန်းကျင်မှာ ပိုများပါတယ်။ 
ကျွန်မ အမြင်ပြောရရင်.. ချစ်ခင် ရိုကျိုးတာ ကောင်းပါတယ်။ ရိုသေတတ်တာလည်း မင်္ဂလာ တစ်ပါးပါ။ ဒါပေမယ့် ရိုသေထိုက်သူကို ရိုသေ ချစ်ခင် ထိုက်သူကို ချစ်ခင်ခြင်းသာ မင်္ဂလာမည်တယ်လို့ ခံယူပါတယ်။
ခုနကို အရိုက်ခံ ၊ အနှိပ်စက် ခံ မိသားစု ဘဝနဲ့ ရိုသေချစ်ခင်နေတာ နည်းလမ်း မမှန်ဘူးလို့ ထင်ပါတယ်။ 
ကလေးတွေအတွက်ရော ဒီလို မြင်ကွင်းတွေ၊ ဒီလို အခြေအနေတွေကို ဖြတ်သန်းပြီး ကြီးပြင်းလာရရင် သူတို့ ဘယ်လို လူကြီးတွေ ဖြစ်လာမလဲ။ စိတ်ဒဏ်ရာနဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ ကြီးပြင်းပြီး လောကမှာ ဒီလို အကြမ်းဖက်တတ်တဲ့ သူတွေ ဖြစ်လာမှ မလွဲပါပဲ။ အဲဒီတော့ ဒီလို ငြိမ်ခံနေတာ နည်းလမ်းမှန်လို့တော့ ကျွန်မ မထင်ဘူး။ 
တလောက အိန္ဒိယ နိုင်ငံမှာ အရှေ့မြောက် ပြည်နယ် တစ်ခုမှာ ဆေးကျောင်းသူ မိန်းကလေးကို ယောင်္ကျားတွေ အုပ်စုလိုက် အနိုင်ကျင့် စော်ကားပြီး မိန်းကလေး သေဆုံးတဲ့ အထိ ဖြစ်ရတဲ့ အဖြစ်ပျက် တစ်ခုဖြစ်ပွားပြီးတဲ့ နောက်မှာ ထွက်လာတဲ့ စစ်တမ်း တစ်ခုမှာ  အိန္ဒိယ နိုင်ငံသည် ကမ္ဘာပေါ်တွင် အမျိုးသမီး များအတွက် အဆိုးဆုံး နေရာတစ်ခု ဖြစ်တဲ့အကြောင်း၊   (၂၂) မိနစ်တိုင်းတွင် အမျိုးသမီး တဦး မုဒိန်းပြုကျင့်  ခံနေရပြီး ၅၈ မိနစ်တိုင်းတွင် ခန်းဝင်ပစ္စည်း တစ်ခုခုမီးရှို့ ဖျက်ဆီးခြင်း ခံနေရပါတယ်တဲ့။ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ကာယအိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်မှု၊ အိမ်ထောင်ရှင် အမျိုးသား (သို့) ဆွေမျိုး သားချင်းများမှ ရက်စက်စွာ ဆက်ဆံပြုမူခြင်း၊ ပြန်ပေးဆွဲမှုနှင့် လူကုန်ကူမှုပေါင်း (၂၆၁၀၀၀) ကျော် နှစ်စဉ် ဖြစ်ပွားလျက်ရှိတယ် ဆိုတဲ့ အကြောင်း စစ်တမ်းမှာ ဖော်ပြထားပြီး အဲဒီလို ဖြစ်ပွားနေတဲ့  အိန္ဒိယ နိုင်ငံမှာ ဇာတ်ခွဲခြားမှု စနစ်ရှိတဲ့ အပြင် အမျိုးသားများ အနေနဲ့ အမျိုးသမီး အပေါ်ဖိနှိပ်ခြင်းဟာ  တရားမျှတမှုရှိတယ်လို့  မှတ်ယူနေ ဆဲဖြစ်တယ်။ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြားရှိ လူငယ် ၅၃ ရာခိုင်နှုန်းမှ အမျိုးသမီးများ အပေါ် ရိုက်နှက်ခြင်းသည် တရားမျှတသည်ဟု ခံယူထားတယ်လို့  UNICEF ရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။ 
အဲဒါကို ကြည့်ရင် အိမ်တွင်း အကြမ်းဖက်မှုရဲ့ တရားခံဟာ အဲဒီ အကြမ်းဖက်မှုဟာ လုပ်သင့်တယ်၊ တရားမျှတတယ်လို့ ခံယူ ထားတဲ့ သူတွေကြောင့်  ဆက်ဖြစ်နေကြတာပါ။ ယောင်္ကျားတွေရော မိန်းမတွေရော အဲဒါကို အမှန်လို့ပဲ ယူဆ ထားကြတာပါ။ အဲလို ယူဆမိအောင် ရိုးရာ ဓလေ့ ထုံးတမ်း စဉ်လာတွေနဲ့ ရိုက်သွင်း ခဲ့ကြတာပါ။ 
ဒါပေမယ့် အဲဒီလို အကြမ်းဖက် ခံရတာတွေဟာ လက်ရှိ အချိန်အတွက်ရော အနာဂတ်အတွက်ပါ ကောင်းလား မကောင်းနိုင်ဘူးလား ဆိုတာ ခံစား နေရသူတွေရော ခံစား နေရတဲ့ သူတွေရဲ့ ပတ်ဝန်းကျင်က စာဖတ်သူလို ကျွန်မလို လူတွေရော အသိပါပဲ။ 
ကျွန်မတို့ အိမ်နီးနားချင်း နိုင်ငံနောက် တစ်ခု ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ပြီးခဲတဲ့နှစ်မှာ ထွက်ရှိခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှုများနဲ့ ပတ်သက်တဲ့ စစ်တမ်းတစ်ခုရဲ့ အစီရင်ခံစာမှာ ၂၀၁၁ ခုနှစ်အတွင်း ထိုင်း အမျိုးသမီးပေါင်း ၂၇၀၀၀ ကျော်မှာ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် အိမ်တွင်း အကြမ်းဖက်မှုများကြောင့် ဆေးကုသမှု ခံယူခဲ့ရတဲ့ အကြောင်း နဲ့ အဲဒီလို ဖြစ်ရပ်တွေမှာ  အမျိုးသမီးပေါင်း ၁၃၀၀ ခန့်ကပဲ အကြမ်းဖက်ခံရမှုတွေ အတွက် တာဝန် ရှိသူများသို့ တိုင်ကြားခဲ့ကြပြီး ၂၇၀၀၀ ထဲက ကျန်အမျိုးသမီးတွေက ရေငုံ နှုတ်ပိတ် နေခဲ့ပါတယ်တဲ့။ 
အဲဒီလို နေရတဲ့ အကြောင်းတွေကို လိုက်ရှာတော့ သူတို့တွေ တိုင်လိုက်ရင် သူတို့ အရှက်ရမယ့် ဖြစ်ရပ်ပဲလို့ အမျိုးသမီး အများစုက  ယူဆထားလို့  ဖြစ်ပါတယ်တဲ့  မိသားစု ဘဝကို အလေးပေးတဲ့ ဓလေ့ရှိတဲ့ ထိုင်း နိုင်ငံမှာ အဲဒီလို ဖြစ်ရပ်အတွက် သူတို့ရဲ့ ဆွေမျိုးတွေက အမှန်တရားကို လက်မခံနိုင်မှာကို စိုးရွံ့တယ်၊ သူတို့ကြောင့် မိသားစုတွေ ပြဿနာ မဖြစ်စေချင်တာကြောင့်လို့ အဲဒီ စစ်တမ်းအရ သိရပါတယ်။ အချို့  ကိစ္စတွေမှာတော့  ရဲကို အကြောင်း မကြားဖို့ ယောင်္ကျားက၊ ဆွေမျိုးတွေက  ခြိမ်းခြောက်တာကို ခံရတဲ့ သူတွေလည်း ရှိပါတယ်လို့ ဆိုပါတယ်။ 
ဒီလို ရေငုံ နှုတ်ပိတ်နေယုံနဲ့ ပြဿနာက အဆင်ပြေ သွားတာ မဟုတ်ပါဘူး။ ဒါဟာ အစဉ်လာ ဓလေ့လို ဖြစ်နေပြီး အမျိုးသမီးတွေ အစဉ်အဆက် ဒီလို အနိုင့်ကျင့် ခံရတာကို တရားတဲ့ အလုပ် အဖြစ် စွဲသွားစေမှာပါ။ ကိုယ်တုန်းက ခံရသလို ကိုယ်မွေးတဲ့ သမီး၊ သမီးကမွေးတဲ့  မြေး၊ မြေးက မွေးတဲ့ မြစ် စတဲ့ အဆင့်ဆင့် ဆက်ပြီး အနိုင်ကျင့် အကြမ်းဖက် ခံနေရဦးမယ်ဆို သင်ဘယ်လို လုပ်မှာလဲ။ သူ့တို့ ကို ခံစား စေချင်လားလို့ မေးကြည့်ချင်မိပါတယ်။ လူတိုင်းဟာ သာယာငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ နေချင်ကြပါတယ်။ သင့် အိမ်ပတ်ဝန်းကျင်မှာ လင်မယား ရန်ဖြစ်သံ ကြားနေရရင်ရော သင်ပျော်ရွှင်စွာ နားထောင် နိုင်ပါသလား။ ဘယ်လောက် ကြာကြာ နားထောင် နိုင်မလား။ 
အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက်ခံရမှုဟာ ဓလေ့ ထုံးစံ မဖြစ်လာဖို့ ကျွန်မတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ အရှက်သည်းစွာ တိတ်တိတ် ကြိတ်ခံစားနေကြရတဲ့ အကြမ်းဖက်ခံ အမျိုးသမီးတွေ ကိုယ်တိုင်မှာလည်း ပိုပြီး တာဝန်ရှိပါတယ်။ ခံစားနေရတာ ရှက်စရာပါ ဒါပေမယ့် သမိုင်းကို အနာဂတ်က ကိုယ့်မျိုးဆက်အပေါ် တာဝန် မကျေနိုင်တာဟာ ပိုရှက်စရာ ကောင်းပါတယ်။ ဒါကြောင့် ကြိတ်ခံနေတဲ့ တိတ်ဆိတ်မှုက ခံစားရတာကို တွန်းလှန်ရတာထက် ပိုရှက်စရာ ကောင်းတာပါ။ 
ကျွန်မတို့ ဆီမှာ အိမ်တွင်းအကြမ်းဖက်မှုတွေကို ပုံစံ အမျိုးမျိုးနဲ့ တွေ့နေရပါတယ်။ ဆင်းရဲတဲ့ ရပ်ကွက်မျိုးမှာ လူသိရှင်ကြား ဖြစ်ပွားနေသလို၊ ချမ်းသာတဲ့ နေရာတွေမှာလည်း လူမသိ သူမသိ ဖြစ်ပွားနေတာပါပဲ။ 
ကျွန်မတို့ ဒီအတိုင်းဆက်ထားနေမယ်ဆို ပိုပြန်ပွားလာဖို့ ပဲ ရှိပါတယ်။ ကျွန်မတို့ ဘာလုပ်ကြမလဲ။ 
လုပ်နိုင်တာကတော့ အမျိုးသမီးတွေကို အိမ်တွင်း အကြမ်းဖက်တဲ့ လုပ်ရပ်ဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ် ဘူးဆိုတာ အများ ခံယူလာအောင် လုပ်နိုင်ရပါမယ်။ 
အမျိုးသမီးတွေ အကြမ်းဖက် ခံနေရတာကို ကာကွယ်ပေးဖို့ လူတိုင်းမှာ တာဝန်ရှိတယ် ဆိုတာကို အများ သတိထားမိလာအောင် တွေးတော မိလာအောင် လုပ်နိုင်ရပါမယ်။ ကျွန်မတို့ နိုင်ငံ အစိုးရကလည်း ဒါတွေကို သတိပြုမိလာပြီး အမျိုးသမီးတွေ အကြမ်းဖက် ခံရခြင်းမှ ကာကွယ်စောင့်ရှောက်မှု ၊ မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်ပေးနိုင်ဖို့အတွက် တွေကို တိုးမြှင့် ဆောင်ရွက်လာဖို့  နည်းလမ်းကျကျ တောင်းဆို နိုင်ရပါမယ်။
ကျွန်မ သိသလောက် ကျွန်မတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှု ပပျောက်ရေး လှုပ်ရှားမှုတွေ အဖြစ် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ (၂၅)ရက်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ မှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ အမျိုးသမီး ကွန်ရက်၊ လူမှုဝန်ထမ်း ဦးစီး ဌာနက ဝန်ထမ်းတွေ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး စသည့် လူမှု ကွန်ရက် ၂၀ ကျော်က အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့် ပပျောက်ရေး အတွက် ဆူးလေဘုရားကနေ ကန်တော်ကြီးအထိ လမ်းလျှောက်ပြီး public awareness ရအောင် လုပ်ခဲ့သလို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ One Billion Rising လှုပ်ရှားမှု ကို လုပ်ခဲ့ပါတယ်။ အဲဒီ လှုပ်ရှားမှု ကလေးက ကမ္ဘာ့အနှံ့အပြားမှာ လုပ်ကြတဲ့  လှုပ်ရှားမှု ပါ။ မြန်မာ နိုင်ငံမှာတော့ ဒီနှစ်မှာ စလုပ်တာပါ။ 

သူတို့ လှုပ်ရှားမှုကို ဒီလို ရှင်းပြထားပါတယ်။" ကမ္ဘာ ပေါ် ရှိ အမျိုး သမီး သုံးဦး တွင် တစ်ဦးမှာ အဓမ္မ ပြု ကျင့် မှု ခံ နေရ ပါသည်။အမျိုးသမီး သန်းတစ်ထောင် အကြမ်းဖက် ခံနေရ ခြင်းသည် အလွန် ရက်စက် မှု ဖြစ်သည်။
အမျိုးသမီး သန်းတစ်ထောင် ကခုန် နေခြင်းသည် တော်လှန်မှု တစ်ခု
ဖြစ်သည်။ ချစ်သူများနေ့ (V-day) ၁၅ နှစ်ပြည့် သည့် ၂၀၁၃ ဖေဖာဝါရီ ၁၄ ရက် နေ့ တွင် အမျိုးသမီးများ အပေါ် အကြမ်းဖက် မှု ရပ်တန့် ရန် လမ်းလျောက် ခြင်း၊ ကခုန် ခြင်း စသည့် လှုပ်ရှားမှု များ တွင်ပါဝင်ရန် စိတ် ၀င်စားသူ အမျိုး သမီး သန်းတစ်ထောင် ကို ကျွန်မ တို့ က ဖိတ်ခေါ်လိုက်ပါသည်။ One Billion Rising လှုပ်ရှားမှု သည် နိုင်ငံ တိုင်း ရှိ အမျိုး သား၊ အမျိုးသမီး အားလုံး ကို လှု့ံဆော် လာပါလိမ့်မည်။ ချစ်သူများနေ့ ဟာ ကမ္ဘာ ကြီး ကို နယ် နမိတ် ဖြတ် ကျော်ပြီး ကျွန်ုပ် တို့ ဧ။် စုပေါင်းစွမ်းအား၊ လူထု အင်အား နှင့် တလုံးတ၀တည်း ဖြစ် နေမှု ကို မြင် စေချင် ပါသည်။One Billion Rising သည် ဘယ်လို ပုံစံဖြစ်နေမည်လဲ? ၂၀၁၃ ဖေဖော်ဝါရီ ၁၄ သည် တော်လှန် ရေး တစ်ခု ကဲ့ သို့ ဖြစ် နေပါလိမ့် မည်။"  "     လို့ သူတို့ ရဲ့ လှုပ်ရှားမှုကို ပုံဖော် ရေးသားထားပါတယ်။ ဒါကလည်း အများ ပြည်သူ သတိထားမိလာ အောင် လုပ်တောင်တဲ့  လှုပ်ရှားမှု တစ်ခုပါပဲ။
One Billion Rising အဖွဲ့သားတွေဟာ သီချင်းနဲ့ လူအုပ်ထဲမှာ ရုတ်တရက် ကပြကြ လူတွေ စိတ်ဝင်တစား စုလာပြီ ဆိုရင် သူတို့ ပြောချင်တဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ စကားတွေကို ပြောဆိုကြပြီးတော့ နောက်တနေရာကို ဆက်သွားကြတဲ့ ပုံစံတွေနဲ့ လှုပ်ရှားကြတာပါ။
နောက်ဆုံးအနေနဲ့ ပြောချင်တာက အမျိုးသမီးတွေ အကြမ်းဖက် ခံရမှုတွေဟာ ကျွန်မတို့ လက်တစ်ကမ်းမှာပဲ ရှိနေပါတယ်။ နောက်ပြီး အိမ်တွင်း အကြမ်းဖက် ခံရမှုတွေကို ကြည့်လိုက်ရင်လည်း မိသားစုဝင်တွေ၊ ချစ်ခင်ရတဲ့ ခင်ပွန်းတွေ ချစ်သူတွေ ဖြစ်နေတာဟာ စိတ်မကောင်းစရာပါ။ ဒီ အဆိုးကျော့ သံသရာကြီးကို ကျွန်မတို့ ဖြတ်ပြစ်နိုင်ဖို့လိုပါတယ် မဟုတ်ရင် အနာဂတ် ကမ္ဘာအပေါ် တာဝန်မကျေသူတွေ ဖြစ်ကြရတော့မှာပါ။
အဲဒီလို အဆိုးကျော့သသရာကြီးကို ဖြတ်နိုင်မယ့် သူတွေဟာ ကျွန်မတို့ ခံစားနေရတဲ့ အမျိုးသမီးတွေ ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ဆိတ်ဆိတ်နေခြင်းဟာ ရှက်စရာပါ။ ကိုယ်တိုင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ အနာဂတ်ကိုလည်း ကယ်တင်နိုင်တဲ့ အမျိုးသမီးတွေ ဖြစ်ဖို့ ကိုယ်တိုင် ခံစားနေရရင်လည်း ငြိမ်ခံမနေဘဲ နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းနိုင်ဖို့ အားမွေးပါ။ ကိုယ်တိုင် မခံစားနေရသေးပေမယ့် ခံစားနေရသူတွေကို ကိုယ်ချင်းစာပြီး ကူညီကြပါ။ လှုပ်ရှားမှုတွေမှာလည်းပါဝင်ပြီး အမျိုးသမီးတွေ အခွင့်အရေးအတွက် အမျိုးသမီးတွေ အတူလက်တွဲ လုပ်ဆောင်ကြဖို့ ညီညွှတ်ကြရအောင်လားလို့ ပြောချင်မိပါတယ်။

3 comments:

PN said...

ခေါင်းစဉ်က သတ်ပုံမှားနေတယ်ရှင့်။ အမျိုးသမီးတွေကိုယ်တိုင် ကြိုစားစို့လို့ဆိုတော့ ဟင်းချက်နည်းလား၊ အမျိုးသမီးတွေအတွက်ဆေးနည်းလားလို့ ထင်စရာဖြစ်နေလို့ပါ။ ကျေးဇူးပါနော်။

Phyu said...

ဟုတ်ကဲ့ ရှင့်။ အခုလို လာဖတ်ပေးတဲ့ အတွက်ရော ဝေဖန်အကြံပေးတဲ့ အတွက်ရော အရမ်းကျေးဇူးတင်ပါတယ်။ နောက်လဲ ဒီလိုပဲ လာဖတ်ပြီး ကြံပေးပေးပါဦးနော်။ ကျေးဇူးတင်ပါတယ်ရှင့်။

PN said...

မနေ့က ကွန်မန့်ရေးပြီးမှ ကိုယ့်ကိုယ်ကို သတိထားမိတယ်။ ကြိုးကြိုးစားစားရေးထားတာကို ကျေးဇူးတင်ကြောင်းမပြောပဲ ခေါင်းစဉ်မှာ စာလုံးပေါင်းမှားနေတာကို ပြောလိုက်မိတာ ငါတော်တော်လွန်ပါလားလို့တွေးမိတယ်။ ဆောရီးပါနော်။ နောက်လဲအမြဲလာဖတ်ပါမယ်။ ဗဟုသုတရတာတွေအတွက် ကျေးဇူးတင်ပါတယ်ရှင့်။