My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, September 26, 2011

ပီတိစိတ်ကလေးဖြင့်သာ


စာသင်ကျောင်းဆောင်အချို့တွင် ကလေးငယ်များကို ဥာဏ်စမ်းကစားနည်းများ ကစားစေသူများကတစ်ဖွဲ့ ကျောင်းဝန်းအတွင်းရှိ ကလေးငယ်များ အားလုံးကို သကြားလုံး၊ ပေါင်မုန့်၊ ကစားစရာ အရုပ်ကလေးများကို ဝေနေသူများက တစ်စု၊ ကလေးများကို နေ့လည်စာကျွေးရန် ပြင်ဆင်နေသူများက တစ်ဖုံ အသက် နှစ်ဆယ်ဝန်းကျင်ရှိ လူငယ်များသည် သူ့တာဝန်နှင့်သူ အလုပ်များနေကြသည်မှာ မင်္ဂလာဒုံမြို့နယ်၊ စမ်းမြသီတာ သီလရှင်ပညာသင်ကျောင်းတွင် အုံးအုံးကြွက်ကြွက်ဖြင့် လုပ်ဆောင်ပေးနေသည်မှာ ၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက်ပိုင်း၏ မြင်ကွင်းအလှပင်ဖြစ်သည်။လူငယ်များ၏ တက်ကြွသော အားအင်များသည် အနာဂတ်တိုင်းပြည်အတွက် အားများ ပင်။
ပရ = သူတစ်ပါး၊ ဟိတ =အကျိုး ဆောင်ရွက်ပေးသည့် ပရဟိတ စိတ်ဓာတ်လေးများသည် လူငယ်များ၏ ဥာဏ်ရည်ဥာဏ်သွေး နှင့် ရင်တွင်းမှ ရှင်သန်လာခြင်းအကြောင်းကို လောကတွင် အသက်ရှင်နေထိုင်သော လူသားတိုင်းနှလုံးသားတွင်လည်း ပရဟိတ စိတ်ဓာတ်ရှိကြမည် အမှန်ပင်ဖြစ်ပြီး ကံမကောင်းအကြောင်းမလှ၍ ဆင်းရဲနွမ်းပါးစွာ ပညာသင်ယူနေသည့် ကလေးငယ်များအတွက် အားလပ်သော အချိန်ကလေးများကို အသုံးပြုကာ မိမိတို့ မုန့်ဖိုးလေးများ စုစည်းကာ တတ်စွမ်းသရွေ့ကို ၂၀၀၈ခုနှစ် မတ်လမှ စတင်ကာ ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း တက္ကသိုလ်ကျောင်း ၁၅ ခုမှ ကျောင်းသားများ စုစည်းထားသော စေတနာသုခ အသင်းမှ တာဝန်ခံတစ်ဦးဖြစ်သူ ဖြိုးသစ်နိုင်က ပြောကြားသည်။
၂၀၀၈ နာဂစ်မုန်တိုင်း နောက်ပိုင်းတွင် မြန်မာနိုင်ငံတွင် လူငယ်များ၏ လူမှုရေး လုပ်ငန်းများတွင် ပါဝင်လှုပ်ရှားမှုများသည် ယခင်ကထက် သိသိသာသာကြီး တိုးတက်မြင့်မားလာခဲ့သည်ကို တွေ့ရသည်မှာ မျက်ဝါးထင်ထင်ပင်ဖြစ်သည်။ နေရာအသီးသီးမှ နယ်ပယ်အသီးသီးမှ လူငယ်အဖွဲ့လေးများသည် ပုံစံအမျိုးမျိုးနှင့် ပေါ်ပေါက်လာခဲ့ကြပြီး တစ်ချို့သော အဖွဲ့များ၏ မိမိတို့ စိတ်ဝင်စားရာ နယ်ပယ်တွင် အောင်အောင်မြင်မြင် လုပ်ဆောင်နေကြသည်ကို ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် ကဏ္ဍမျိုးစုံတွင် တွေ့လာရသည်။
မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော အစိုးရ၊ ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေတို့နှင့် ဒီမိုကရေစီစနစ်သို့ အပြောင်းအလဲ လမ်းကြောင်းပေါ်စနစ်သို့ ရောက်ရှိစကာလတွင် နိုင်ငံ့အပြောင်းအလဲကို ဖော်ဆောင်ရာတွင် အစိုးရမဟုတ်သော ပြည်သူလူထု၏ အဖွဲ့အစည်းများ သည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ဆင်းရဲမှု ပပျောက်ရေးစသည့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် လွန်စွာ အရေးပါသော နေရာတွင်ရှိသည်။ ထိုအထဲတွင် မြန်မာနိုင်ငံတွက် လူငယ်များ၏ လူမှုရေးလုပ်ငန်းများအပေါ်တွင် စိတ်ဝင် တစားတစ်တပ်တစ်အား ပါဝင်ခြင်းသည် အလွန်အရေးပါလှ သည်။
 စိတ်ဝင်တစား လူငယ်များ
            ယင်းပရဟိတ စိတ်ဓာတ်ကလေးများသည် မိမိတို့ ပတ်ဝန်းကျင်တွင် အခက်အခဲများကို ရင်ဆိုင်နေရသည့် လူအချို့ကို  မြင်တွေ့ပြီး သနားသောစိတ်၊ ကိုယ်ချင်းစာသော စိတ်ဓါတ်များ အရင်းတည်ကာ ဖြစ်ပေါ်လာသည့် စိတ်ဓါတ်များဖြစ်ပြီး ယင်းကဲ့သို့ စိတ်ဓာတ်တူသော သူအချင်းချင်း ပူးပေါင်းကာ ဖွဲ့စည်းဖြစ်ကြခြင်းဖြစ်သည်။
အလုပ်မှ ရရှိသော ၀င်ငွေဖြင့် မိမိကျောင်းတက်စဉ်က ဆရာသမားများနှင့် တွေ့ဆုံကာ ဆင်းရဲနွမ်းပါးကာ ကျောင်းတက်ရန် အခက်ခဲရှိ၍ ထောက်ပံ့ရန် လိုအပ်သည့် ကလေးများကို တတ်နိုင်သည့် ၀င်ငွေဖြင့် ကူညီပေးခဲ့ကြောင်း၊  ယင်းကဲ့သို့ ကူညီချင်းသည် လူမှုရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သည့် လုပ်ငန်း၏ အစပင်ဖြစ်ကြောင်း၊ ထိုကဲသို့ တစ်ဦးတည်း တတ်နိုင်သည့် အင်အားဖြင့် လူမှုရေးများ လုပ်ကိုင်နေစဉ် စိတ်တူသည့် အဖွဲ့တစ်ခုကို ဒလမြို့နယ်တွင် ရေသွားရောက်လှုဒါန်းရင်း တွေ့ဆုံကာ ပူးပေါင်းမိကြောင်းအသက် ၂၈ နှစ်အရွယ် ကုမဏီတစ်ခုတွင် ဒီဇိုင်နာအဖြစ် လုပ်ကိုင်နေရင်း Myanmar Youth in Action လူငယ်အဖွဲ့တွင် ပါဝင် လှုပ်ရှားနေသော ဘိုဘိုက ပြောပြသော သူ့၏ လူမှုရေး လုပ်ငန်းများ စတင်စိတ်ဝင်းစားလာပုံ၊ လုပ်ကိုင် ဖြစ်လာပုံကို ပြောကြားသည်။
            သူ့ကဲ့သို့ပင် လူငယ်အများစုသည် မိမိတို့ ပတ်ဝန်းကျင်တွင် တွေ့ကြုံနေရသော ၊ မိမိတို့ မြင်တွေ့နေရသော လူမှုဘဝထဲမှ အခက်အခဲများကို ကူညီဖြေရှင်းပေးလိုသော စိတ်ကောင်းလေးတစ်ချက်ဖြင့် လူမှုရေးလုပ်ငန်းထဲကို ပါဝင်လုပ်ဆောင်လာဖြစ်ကြသည်က များသည်။
            ကမ္ဘာကို တုန်ခတ်သွားစေသည့် မြန်မာ့မုန်တိုင်း ဖြစ်သော နာဂစ်မုန်တိုင်းတွင် မုန်တိုင်းဒဏ်ကို ခံစားရသော ပြည်သူများအတွက် ယခင်ရှိရင်းစွဲ ပရဟိတစိတ်ကလေးများ နိုးထလာသည့် ဆရာဝန်များ ပါဝင်သည့် လူငယ်အဖွဲ့ တစ်ခုဖြစ်သော Hands & Hands အဖွဲ့သည် လပွတ္တာ၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ ဖျာပုံ စသောဒေသမျာွးကို သွားရောက်ကာ ဆေးကုသ ပေးခြင်း၊ အ၀တ်အထည်၊ အိုးခွက်ပန်းကန်၊ စားနှပ်ရိက္ခာကိုတော့ အဓိက ထားကာ ကူညီပေးကြောင်း၊ အဆိုပါ အဖွဲ့ဝင် ဇော်မင်းလတ်က ပြောကြားသည်။
             “ လူငယ်တွေ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင် လာကြတာ အရမ်းကောင်းတယ်။ ဆရာဆိုရင် ဆရာ့ ကျောင်းက ကျောင်းသူ ကျောင်းသားတွေကိုလည်း ဒီလို လူမှုရေး လုပ်ငန်းတွေကို လုပ်ဖြစ်အောင် အားပေးတဲ့ အနေနဲ့ ဆရာကိုယ်တိုင် ဦးဆောင်ပြီး မိဘမဲ့ကလေးတွေကို စာသွားသင်ပေးတာမျိုးတွေကို လုပ်ပေးတယ်။  လူငယ်အဖွဲ့လေးတွေ အများစုက စိတ်နဲ့ စတာ။ဟု စီမံခန့်ခွဲမှု ပညာသင်တန်းများကို အဓိက ထားသင်ကြားနေသော  MHR မှ ကျောင်းအုပ်ကြီး ဖြစ်သော ဆရာဦးအေးကျော်က ပြောကြားသည်။
ကြုံတွေ့ရသော အခက်အခဲများ
            မြန်မာစကားပုံအရ သစ်တစ်ပင်ကောင်းက ငှက်တစ်သောင်းနားရ ဟု ဆိုသည့်အတိုင်းပင် အများကို အရိပ်ပေးချင်သူများ အနေဖြင့်လည်း အပင်အားသန်စေရန် ဖြည့်ဆည်းရမည်ဖြစ်သည်။ 
            မိမိတို့ စားစရိတ်အတွက် အလုပ်လုပ်နေရသည့်အပြင် မိမိတို့ ၀ါသနာပါသည့် ပရဟိတ အလုပ်အတွက်ပါ အချိန်ပေးရကာ အလုပ်နှင့်လည်း နားလည်မှုရရှိအောင် ကြိုးစားရကြောင်း၊ အလုပ်နှင့်နားလည်မှု ရသည့်တိုင်အောင် မိမိတို့ကိုယ်ပိုင် အချိန်ကို စီမံခန့်ခွဲရသည်မှာလည်း ခက်ခဲကာ ပင်ပန်းသော်လည်း ပရဟိတ အလုပ်မှ ရရှိသည့် ပီတိစိတ်က လူကို ဆက်လက်မောင်းနှင်သွားနိုင်သည့် စိတ်ဓာတ်ခွန်အားတစ်ခုပင်ဖြစ်နေတော့သည်။
ယင်းကဲ့သို့ မိမိအသက်မွေးရာ လုပ်ငန်းခွင် နားလည်မှုသာမက မိသားစုအတွင်း နားလည်မှုကိုလည်း ရရှိစေရန် ကြိုးပန်းရကြောင်း၊ ပရဟိတ အလုပ်ကို စုပေါင်းလုပ်နိုင်ရန်အတွက် အထူးသဖြင့် အစိုးရ ရုံးပိတ်ရက် တနင်္ဂနွေ ကဲ့သို့ ရက်များတွင် အဓိက ထားလုပ်ဆောင်သည်ဖြစ်ရာ မိသားစုအတွင် ငြိုငြင်မှုကို ခံရကြောင်း၊ ထို့ကြောင့် မိသားစု အတွင်း နားလည်မှုရစေရန် စည်းရုံးရကြောင်း ပုံပြောသူများ အဖွဲ့တည်ထောင်သူများထဲမှ တစ်ဦးအပ်အဝင် ဖြစ်သူ ချမ်းငြိမ်းဖြူက ပြောကြားသည်။
 မိန်းကလေးဆိုတော့ အပေါင်းအသင်းမှားမှာကို စိုးရိမ်တာလည်း ပါတာပေါ့။ ဒါပေမယ့် ကိုယ့်လုပ်နေတဲ့ အလုပ်တွေကို မိဘနဲ့ နားလည်မှုရအောင် ကိုယ်က ပြောပြစည်းရုံးယူရသလို ကိုယ့်အဖွဲ့ဝင်တွေကလည်း မိဘတွေနဲ့ ရင်းနှီးမှုယူပေးပြီး ယုံကြည်မှုရလာအောင် ကူညီကြတယ်။ နောက်တော့ မိဘတွေကလည်း ယုံကြည်လာပြီး ခုဆို ကိုယ့်အဖွဲ့ကို အိမ်ကလူကြီးတွေကပါ အားပေးကူညီလာကြတယ်။ ပိုအလုပ်ဖြစ်လာတာပေါ့။ နောက်ပြီး ကိုယ့်အဖွဲ့သား အချင်းချင်း အခက်အခဲတွေကိုပါ အတူဖြတ်ကျော်ဖို့ ကြိုးစားတဲ့ အကျင့်ရလာတာကလည်း ကိုယ့် အလုပ်ပတ်ဝန်းကျင်နဲ့ ကိုယ့်ဘဝတစ်လျှောက်ကိုလည်း အထောက်အကူပြုစေတယ်လို့ သမီး ထင်တယ်။ ဒါ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်မိတာကနေရရှိလာတဲ့ လူငယ်တစ်ယောက်အတွက် အကျိုးကျေးဇူးတွေပဲလို့ ထင်မိပါတယ်လို့ သူမရဲ့ အမြင်ကို ပါဝင် ဖြည့်စွက်ပြီး ပြောပြပါတယ်။
“လူငယ်အဖွဲ့လေးတွေ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲကတော့ သူတို့ရဲ့ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်၊ ဒီလို လူမှုရေး လုပ်ငန်းတွေကတစ်ဖက်ဆိုတော့ အမြဲတမ်းပါဝင်ဖို့ ခက်တာရယ် နောက်တစ်ဖက်က Funding အခက်အခဲပဲ” ဟု ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင်လုပ်ဆောင်ရင်း NGOs များတွင် အလွတ်သင်တန်းဆရာ၊ အကြံပေး အဖြစ်လုပ်ကိုင်ပေးနေသော ဝါရင့် ပညာရှင် တစ်ဦးဖြစ်သော ဒေါက်တာ ထိန်ဝင်းက သုံးသပ်ပြသည်။
Myanmar Youth in Action ၏ အဖွဲ့ဝင် လူငယ်များသည် တက်ကြွသော စိတ်ဓာတ်ရှိပြီး စိတ်ကူးကောင်းများလည်းရှိကြကြောင်း၊ သို့ရာတွင် အဖွဲ့သက်တမ်း တစ်နှစ်အကြာတွင် အလုပ်အတွက် ပြည်ပသို့ သွားကြရသောကြောင့် အားလျော့မှုများ ဖြစ်ပေါ်ကြောင်း၊ ထို့အပြင် ရံပုံငွေသည်လည်း ကန့်သတ်ချက်ရှိတာကြောင့် လုပ်ချင်သည့် ပမာဏအတိုင်း မလုပ်ဖြစ်သည့် အခြေအနေများလည်း ရှိကြောင်း၊ အဆိုပါ အဖွဲ့ ဥက္ကဌ ဒေါ်တင်မြတ်ထက်က ပြောကြားသည်။
 ဒါကြောင့် ရေရှည်ရပ်တည်နိုင်ဖို့အတွက် အဖွဲ့ကို ညီညွတ်သထက် ညီညွတ်အောင်ရယ် အဖွဲ့သားတွေရဲ့ Capacity လည်း တက်လာအောင် တစ်ဖက်က ကြိုးစားရသလို အသင်းဝင်ကြေးလေးနဲ့ ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားထားတယ်။ ခုတော့ Social Business လိုမျိုးလေးကိုလည်း စဖြစ်အောင်ကြိုးစားနေတယ် လို့ ကြုံတွေနေရတဲ့ အခက်အခံနဲ့ အဖွဲ့ရေရှည်တည်တံ့ရေးအတွက် ကြိုးစားရပုံကို ဆက်လက်ပြောကြားသည်။
မိသားစုအတွင်း လုပ်ငန်းခွင်အတွင်းသာမက ပရဟိတ လူမှုရေးလုပ်နေသည့် လုပ်ငန်းအတွင်းတွင်လည်း အခက်အခဲများတွေ့ရှိရသည်ကိုလည်း ပရဟိတ အဖွဲ့ဝင် လူငယ်အချို့ ပြောကြားသည်။    လှိုင်သာယာဘက်တွင် ဆင်းရဲသူများကို အကူညီပေးသည့် အခါတွင် တစ်အိမ်ကိုပေးရင် တစ်အိမ်က လိုချင်တယ်၊ အချို့ဆို ဆင်းရဲတယ်ဆိုပြီး လိမ်ညာလာတယ်၊ သာမာန်ဖြစ်တာလေးနဲ့ အခွင့်အရေးလိုချင်တာလည်း တွေ့ရတယ်၊ ဟု Hands & Hands အဖွဲ့ဝင် ဦးကျော်စိုးအောင်က ပြောကြားသည်။
“ကျွန်တော်တို့ ဆေးကုရတာက အိမ်ကြိုကြားထဲအထိဝင်ရတာ ၊ အဲဒီမှာလည်း ကလေးတွေ လမ်းကြိုလမ်းကြားမှာပဲတွေ့ရတယ်၊ အ၀တ်မပါကိုယ်လုံးတီးနဲ့ ငါးရှာနေတယ်၊ ပလတ်စတစ်ကောက်နေကြတယ်၊ သူတို့ရောက်ရမယ့်နေရာနဲ့လွဲနေကြတယ် စာသင်ကျောင်းနဲ့ဝေးနေကြတယ်၊ ကျောင်ထားရင်လည်း သုံးတန်းလောက်ဆို ကျောင်းထုတ်တယ်၊ အလုပ်လုပ်ခိုင်းတယ်၊ ကလေးက ရတဲ့ငွေနဲ့ ပြန်ရပ်တည်ကြတယ်၊ အသက်လေးဆယ်လောက်ဆို အလုပ်မလုပ်တော့ဘူး နှစ်လုံးထီထိုးတယ်၊ ” ဟု Hands & Hands အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
၎င်းတို့ အများစုမှာ အခြေခံလူတန်းစားများဖြစ်ကြပြီး ပညာအရည်အချင်းနည်းပါးခြင်း၊ ၀မ်းရေးဖြည့်ရန်အတွက် ငွေရရှိဖို့သာ အာရုံထားသောကြောင့် ကိုယ်ကျင့်တရားများလည်း အားနည်းလာခြင်းဖြစ်ကြောင်း၊ သူတပါးထံ အသနားခံရန် ၀န်လေးမှုမရှိပဲ ထောက်ပံ့မှုရလိုသည့်စိတ် မှီခိုချင်သည့် စိတ်တွေသာ အားသန်နေကြရာ အဓိက ပြနာမှာ ပညာနည်းပါးခြင်းကြောင့် အတွေးအခေါ် အမြော်အမြင် အားနည်းပြီး မှား၊မှန်ခွဲခြားနိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ဝေငှတယ်ဆိုတာတော့ တောင်အာဖရိက နိုင်ငံက ဆင်းရဲတယ် ခေတ်အဆက်ဆက်က အမေရိကန်က လှုတယ်၊ ဒါပေမယ့် ကြွက်တွင်းထဲ ရေကျသလို မွဲတာက မွဲတာပဲ၊ ပေးတာကိုစားလိုက်တယ်၊ မူလစိတ်မပျောက်ဘူး၊ လူတွေကိုယ်တိုင်က လုပ်ချင်ကိုင်ချင်စိတ် မရှိသ၍ မရနိုင်ဘူး၊ ဒီလိုပဲ ဆင်းရဲသားတွေဆီ ဆီဝေမယ်၊ ယူမှာပဲ၊ သူတို့ကိုယ်တိုင် ရှာဖွေစားချင်စိတ် မရှိသမျှ ဘယ်လောက်ပေးပေးမအောင်မြင်ဘူး၊ ဝေငှတဲ့အခါမှာ ပြင်ပမြင်သာတာတွေ မဟုတ်ပဲ ရင်းနှီးမြုပ်နှံမှုလုပ်ပေးရမယ်၊ ဟု ကိုးဘွဲ့ရ ဆရာတော် အရှင်အာစာရာ လင်္ကာရက မိန့်ကြားသည်။
လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အချို့ကိစရပ်များတွင် စေတနာမှ ဝေဒနာမဖြစ်ရစေရန် စေတနာအပြင် နားလည်တတ်ကျွမ်းမှုနှင့် ပြနာ၏အတိမ်အနက်ကို နားလည်သော ပညာရှင်များ၏ အကြံပေးမှုများကိုလည်း လိုအပ်ကြောင်းကို MHR မှ ဆရာဦးအေးကျာ်က “လုပ်နည်း လုပ်ဟန် မမှန်ခဲ့ရင် မချို့နေရာတွေက ကူရာမရောက်ဘဲ ရေရှည်မှာ နှစ်ရာရောက်တဲ့ အဖြစ်မျိုးတွေ မရှိရလေအောင် လူငယ်အဖွဲ့လေးတွေ လုပ်ဆောင်ချက်တွေ မှန်ကန်တိုးတက်ဖို့ လူကြီးတွေကလည်း သူတို့ အတွေ့အကြုံကို ဝေမျှ ကူညီသင့်ပါတယ်။ လူငယ်တွေရဲ့ တက်ကြွမှုနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ဆရာ့အနေနဲ့ လူမှုရေးလုပ်ငန်းတွေ ဒီထက် တိုးတက်ဖို့ လူကြီး လူငယ် ပူးတွဲ ဆောင်ရွက် သင့်တယ်။ လူငယ်တွေကလည်း ကိုယ့်ထက် အတွေ့အကြုံရင့်ကျက်တဲ့ လူကြီးတွေ၊ နောက်ပြီး သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူ ပညာရှင်တွေ ဆီမှာ အကြံဥာဏ်ယူတတ်စေချင်ပါတယ်။ ” ဟု ဆို သူ၏ အမြင်ကို ပြောကြားသည်။
အစကောင်းမှ အနှောင်းသေချာ
            လူငယ်တွေရဲ့ လူထုအခြေအပြုအဖွဲ့များသည် ယခုချိန်မှ စတင် ပေါ်ပေါက်လာခြင်းမဟုတ်ပဲ  ရှေးရှေး ကတည်းကပင် မြန်မာ့ပတ်ဝန်းကျင်အတွင်း  ကာလသမီး၊ ကာလသားအဖွဲ့များ ၊ ဆွမ်းလောင်းအသင်းများ  မလွန်ဆန်လှူအသင်းကြီး ကဲ့သို့ နှစ်ပေါင်းများစွာ တည်တံ့လာသော အသင်းကြီးများအထိ တွေ့မြင်နေရသည်။ ယခုခောတ် နောက်ပိုင်းတွင် NGOs များ ခေတ်စားလားပြီး Project base အသွင် လုပ်ဆောင်လာကြတာကိုလည်း တွေ့ရသည်။
            ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် ရေရှည်တည်တံ့မှုအတွက်လည်း မဖြစ်မနေစဉ်းစားရမည့် အချက်တစ်ခု ပါဝင်သည်။ အချို့သော အဖွဲ့များသည် အခြေအနေ အရပ်ရပ်ကြောင့် ရပ်နားသွားကြခြင်းများရှိသကဲ့သို့  လက်တွဲမဖြုတ်ပဲ ဆက်လက်လုပ်ကိုင်သွားသူများလည်း ရှိကြသည်။
            “ သမီး အင်္ဂလိပ်စာ သင်တန်းတစ်ခု စတက်ဖြစ်တယ်၊ အဲဒီသင်တန်းမှာ သူငယ်ချင်းတွေနဲ့က စိတ်တူ ကိုယ်တူ ခင်လာပြီး  ပထမတော့ အဲဒီသင်တန်းကလူတွေစုပြီး အလှူလေးတွေ ဟိုမှာ ဒီမှာ သွားလှူတာမျိုးလေးတွေက စပြီး လုပ်ဖြစ်တယ်။ နောက်တော့ “ မြန်မာရနံ့” ဆိုတဲ့ နာမည်နဲ့ အဖွဲ့လေး ဖြစ်လာတဲ့ အထိပဲ .. ဒါပေမယ့် ဆရာက စင်္ကာပူကို ထွက်သွားပြီးနောက် သင်တန်းလည်း မရှိတော့တော့ ဆုံစရာနေရာ အခက်အခဲရောနောက် လူစုဖို့လည်း ခက်လာတာရော နဲ့ တဖြည်းဖြည်း လှုပ်ရှားမှုတွေ ရပ်သွားခဲ့တယ်” ဟု ယခင်က သူမ ပါဝင်လှုပ်ရှားခဲ့သော အဖွဲ့လေး အကြောင်းကိုလည်း ၂၃ နှစ် အရွယ် အမျိုးသမီး တစ်ဦးက ပြောကြားသည်။
            ကျွန်တော်တို့ အဖွဲ့မှာ ဘယ်သူကမှ ခေါင်းဆောင်မရှိဘူး၊ အားလုံးခေါင်းဆောင်ပဲ ဟု စေတနာသုခ အသင်းနှင့် Hands & Hands အဖွဲ့တို့က တစ်ညီတစ်ညွတ်တည်းပြောကြားသည်။
အဖွဲ့အတွင်းတွင် မိမိယူနိုင်သည့် တာဝန်ကို ကျောင်းမပြီးခင်  အချိန်အထိ တာဝန်ယူပြီး မိမိ ကျောင်းပြီးမည့်ကာလ နှင့် နီးလာပါက ထိုတာဝန်ကို ဆက်လက်တာဝန်ယူရန် စိတ်ဝင်စားသူ တစ်ဦးကို လက်တွဲခေါ်ကာ ယင်းလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ သင်ပြပေးပြီးနောက် ယုံကြည်စွာပင် တာဝန်လွဲပေးကြောင်း၊ စေတနာသုခအသင်း တာဝန်ခံ ကောင်းမြတ်ဇော်က ပြောကြားသည်။
“ကျွန်တော်တို့အဖွဲ့ထဲမှာ အမြင်မတူတာ၊ စကားပြောအဆင်မပြေတာ၊ တစ်ခါမှမဖြစ်ဖူးဘူး၊ ခေါင်းဆောင်မရှိဘူး၊ အားလုံးခေါင်းဆောင်ပဲ၊ တစ်ဦးတစ်ယောက်တည်း ဖြစ်ခ်ျငတာကို အားလုံးလိုက်လုပ်ရတာမျိုးလည်းမဟုတ်ဘူး စိတ်တူကိုယ်တူ လုပ်ကြတယ်၊” ဟု ဦးကျော်စိုးအောင်ကလည်း  ဆိုသည်။
“နောက်က တာဝန်ပေးအပ်မည့်သူကိုလည်း ဒီအတိုင်းမပေးပါဘူး၊ အဖွဲ့ရဲ့ activity တွေမှာ သူတို့လုပ်တာကိုင်တာ စိတ်ဝင်စားမှုရှိတာတွေကို တာဝန်ခံတွေက လေ့လာပြီး သူလည်း တကယ်တာဝန်ယူနိုင်တယ်ဆိုရင် လွဲပေးပါတယ်၊ လွဲပေးတော့မယ်ဆိုရင်လည်း ဘေးကနေ သေချာကြီးကြပ်ပေးတယ်၊ နောက်မှ တာဝန်အားလုံးကို လွဲအပ်ပေးတယ်၊ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်းပေါ့ဗျာ ”ဟု ၄င်းက ဆက်လက်ပြောကြားသည်။
အများအကျိုးအတွက် လုပ်ပေးချင်သော စိတ်တစ်ခုတည်းဖြင့် ပရဟိတ လူမှုရေးလုပ်ကြရာတွင် အစပိုင်းတွင် စနှစ်မကျမှုများ ရှိနေတက်သောကြောင့် စတင်ကတည်းကပင် စနှစ်တကျ ရှိရန်လိုအပ်ကြောင်း၊ စနှစ်တကျ လုပ်ကိုင်ခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲစေရန် အဓိက လိုအပ်ချက်တစ်ချက်ဖြစ်ရာ သို့မဟုတ်ပါက အခက်အခဲများကို ကျော်လွားဖို့ရန် ခက်ခဲသွားနိုင်ကြောင်း ဦးအေးကျော်က အကြံပြုပြောကြားသည်။
 ဒါကြောင့် အဖွဲ့လေး စလုပ်ဖို့ စဉ်းစားရင်   ပထမဆုံး ဘာလုပ်မှာလဲ ဆိုတာ သေချာဖို့ လိုပါတယ်။ Goals setting လုပ်တဲ့အခါ ပြတ်သားဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် ဟိုဟာလည်း လုပ်ချင် ဒီဟာလည်း လုပ်ချင်နဲ့ ပေါ်ပျူလာ ဖြစ်ရာဘက်လိုက်သလို ဖြစ်ပြီး ကိုယ့်ကျွမ်းကျင်မှု အားသာမှုနယ်ပယ်ကနေလွဲသွားနိုင်တော့ ဘာကိုမှ အောင်မြင်တဲ့ အထိမလုပ်နိုင်ပဲ အဆုံးသတ်သွားရင် နှမြောစရာကောင်းပါတယ်။ “ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ဒုတိယ စဉ်းစားရမည့် အချက်မှာ တာဝန်ခွဲဝေမှုပင်ဖြစ်သည်။ ယင်းတာဝန်ခွဲဝေမှု နှင့်အတူ ရေတို စီမံကိန်း၊ ရေရှည်စီမံကိန်းများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ တတိယအချက်အနေဖြင့် လူကြီးနှင့် လူငယ် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ လူကြီးများအနေဖြင့်လည်း လူငယ်များအပေါ်တွင် ကိုယ့်နိုင်ငံ၏ အနာဂတ်အနေဖြင့် ရှုမြင်ရန် ကာ ကူညီရန်လိုအပ်ပြီး လူငယ်များအနေဖြင့်လည်း လူကြီးများ ဖြတ်သန်းခဲ့ရသည့်  အတွေ့အကြုံကို အကူအညီရယူပြီး လူကြီးလူငယ် အင်အားကို ပူးပေါင်းဖို့ လိုအပ်သည်၊
“ဒါကြောင့် လူငယ်အဖွဲ့လေးတွေဟာ အဖွဲ့အတွက် အကြံပေးအဖွဲ့လိုမျိုး ထားရှိသင့်ပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ လူငယ်အဖွဲ့လေးတွေ Funding အတွက် စိတ်မပူရအောင် အဖွဲ့ရဲ့ မန်ဘာကြေးအပြင် Fund Raising အတွက် လေ့လာသင်ယူသင့်ပါတယ်။ နောက်ပြီး ဒီလို Fund Raising activities လေးတွေအတွက် ကုမဏီတွေရဲ့ ပူပေါင်းပါဝင်မှုကလည်း အရေးကြီးတာကြောင့် Civil Society နဲ့ Market အပြန်အလှန် အရေးပါမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို နားလည်ဖို့လိုအပ်တယ်လို့ အကြံပေးချင်ပါတယ်” ဟု  အစကနေကောင်းပြီး အနှောင်းထိ သေချာဖို့ ဦးအေးကျော်က ဆက်လက်  အကြံပေးပြောကြာထားပါတယ်။
လူငယ်များနှင့် လူငယ်အဖွဲ့အစည်းများရဲ့ လားရာ
လူငယ်အဖွဲ့လေးများ ပေါ်ပေါက်လာခြင်းသည် နိုင်ငံအတွက် အားတက်ဖွယ် မြင်ကွင်းတစ်ရပ်ပင်ဖြစ်ပါသည်။ ထိုအဖွဲ့လေးများတွင် လူငယ်ပါဝင် ဆောင်ရွက်ခြင်းသည် အသင်းအဖွဲ့ စိတ်ကို ဖြစ်ပေါ်စေခြင်းအပြင် လူငယ်အချင်းချင်း နားလည်မှု နှင့် မတူညီသော အမြင်များကြားမှ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ပြနာများကို အတူတကွ ဖြေရှင်းသော စွမ်းရည် သော စွမ်းရည်တို့ တိုးတက်လာနိုင်မည် ဖြစ်ပြီး ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းထူထောင်ရာတွင် အရေးကြီးသည့် အချက်များဖြစ်သည့် တာဝန်သိတတ်မှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အဖွဲ့အစည်းဝင် အားလုံးအား ပါဝင်ဆောင်ရွက်ခွင့်ပေးမှု၊ ပါဝင်ဆွေးနွေးခွင့်ပေးမှု အစရှိသည်တို့ အပါအ၀င် ခေါင်းဆောင်ကောင်းတို့၏ ကျင့်စဉ်များကိုလည်း  လူငယ်များကြားတွင် ပေါ်ပေါက်ဖြစ်ထွန်း လာနိုင်ရန် နိုင်ငံသားကောင်ဓလေ့ များ ၊ ပြည်သူ့နီတိတရားများကို တိုးပွားလာအောင် မွေးမြူပေးနိုင်ပါသည်။
လူငယ်များ အရွယ်ရောက်ကာစတွင်  Physical နဲ့ social Changes များ ရှိလာတတ်ရာ ယင်းပြောင်းလဲမှု နှင့်ယှဉ်ကာ ပြနာများ ရင်ဆိုင်ကြရကြောင်း၊ လူငယ်များ အနာဂတ် ကောင်းခြင်း၊ ဆိုးခြင်း၊ သည် ၄င်းကျင်လည်ရာ ပတ်ဝန်းကျင်နှင့် များစွာသက်ဆိုင်သည်ဖြစ်ရာ ယင်းပြနာများကို ဖြေရှင်းရာတွင် ၄င်းပတ်ဝန်းကျင်ရှိ လူများ၏ ဖြေရှင်းနည်းကို အတုယူတတ်ရာ ပတ်ဝန်းကျင်လှုံ့ဆော်မှုသည်  လူငယ်များ၏ ဘ၀ကို ပြောင်းလဲပြစ်နိုင်ကြောင်း ဒေါက်တာထိန်ဝင်းက လည်းကောင်း၏ အတွေ့အကြုံများကို ပြောကြားသည်။
ဒါကြောင့် လူမှုရေးအသင်းအဖွဲ့တစ်ခုခုမှာ ပါဝင်နေမယ်ဆိုရင် ကောင်းမွန်တဲ့ အလုပ်ကို လုပ်နေတဲ့ ပတ်ဝန်းကျင်လေးမှာ ရှိနေတယ်။ နောက်ပြီး အတူတူလုပ်ကြတော့ အချင်းချင်းရင်းနှီးလာပြီး ရင်ဖွင့်ဖော်ရှိလာမယ်။ ပြနာတွေကို တိုင်ပင်ဆွေးနွေးပြီး ဖြေရှင်းလာရင် လမ်းမှားရောက်ဖို့ တော်တော် ခက်သွားမယ်။ အဖွဲ့ထဲမှာ သူတို့အတွက် Role Model တွေတွေ့လာမယ်။ အဲဒီလို လူတွေက အချင်းချင်း ထိန်းသွားတယ်။ နောက် အဖွဲ့လေးနဲ့ အလုပ်လုပ်ရင် Skills တွေ တက်လာမယ်။ ဒီလိုဆိုတော့ ဒါတွေဟာ လူငယ်တွေ လူတော် လူကောင်းဖြစ်ဖို့ အလားလာကောင်းတွေပေါ့” ဟု သူ့၏ အတွေ့အကြုံနှင့်ယှဉ်ပြီး ဆိုပါတယ်။
“အရင်က ဒီကလေးတော်တော်ရိုင်းတယ်၊ ခုနောက်ပိုင်း ရပ်ကွက်ထဲက လူမှုရေးအဖွဲ့တစ်ခု နဲ့ လိုက်နေတာ တော်တော်လေး ယဉ်ကျေးလာတယ် ” ဟု လူမှုရေးအဖွဲ့အစည်းတစ်ခုတွင် တက်ကြွစွာ လှုပ်ရှားနေသောအသက် နှစ်ဆယ်ကျော် လူငယ်တစ်ယောက်၏ မိခင်တစ်ဦးက သူမတွေ့မြင်ရသော သား၏ ပြောင်းလဲလာသော အမူအကျင့်များကို ပြန်လည်ပြောကြားသည်။
           
လူငယ်အဖွဲ့အစည်းတွေရဲ့ အနာဂတ်
၂၁ရာစုတွင် နိုင်ငံတခုအတွက်၊ လူ့အဖွဲ့အစည်းတခုအတွက် အစိုးရ သာမက လူမှုရေးအဖွဲ့အစည်းများသည်လည်း  မရှိမဖြစ် အရေးကြီးသည့် အခန်းကဏ္ဍများမှ ရှိနေပြီး ယင်းတို့နှစ်ခုစလုံး အင်အားတောင့်တင်းရန်လည်း အရေးကြီးပြီး လူမှုရေးအဖွဲ့အစည်းများ  ရှင်သန်ရေးအတွက် အစိုးရသည် မရှိမဖြစ်လိုအပ်သလို၊ ပိုမိုထိရောက် ကောင်းမွန်စွာ အုပ်ချုပ်နိုင်ရန်အတွက် လူမှုရေးလုပ်ငန်းများသည် လည်း အစိုးရအတွက် မရှိမဖြစ်လိုအပ်သည့် အရာဖြစ်ပေသည်။
ထို အကြောင်းအရာကို အစိုးရသစ်ပြောင်းပြီး နောက် သမတကြီး၏မတ်လ (၁) ရက်နေ့တွင် ပြောကြားခဲ့သော မိန်းခွန်းက ထင်ဟပ်လျှက်ရှိပါသည်။ သမတကြီးက  လူငယ်အဖွဲ့အစည်းများ၏ တန်ဖိုးကို နားလည်ပြီး လူငယ်အဖွဲ့လေးများကို တိုးတက်ပြီး ရေရှည်တည်တံ့သော အဖွဲ့လေးများ ဖြစ်အောင် ပံ့ပိုးကူညီဖို့ လိုကြောင်း ထည့်သွင်း ပြောဆိုသွားသည်ကို တွေ့ရပါသည်။
ဒေါက်တာအောင်ထွန်းသက် က sustainability ရည်ရှည်တည်တံ့ခိုင်မြဲရေးတွင် - financial sustainability , management sustainability နှင့် political sustainability ဟူရှိကြောင်း၊ လုပ်ချင်သည့် ဆန္ဒရှိသော်လည်း  ငွေ မရှိပါက ရပ်တည်ဖို့ မလွယ်ကူသကဲ့သို့  ငွေရှိသော်လည်း  စနစ်တကျလုပ်နိုင်သော့ သူ မရှိပါက ရေရှည်မတည်တံ့နိုင် သကဲ့သို့ နိုင်ငံရေးအရ လုံခြုံမှုရဖို့လည်း လိုအပ်ကြောင်း။ ထို့ကြောင့် အလှူရှင် မျှော်ကိုးတာထက်ပိုပြီး မည်ကဲ့သို့ လုပ်ရမည် ဆိုသည့် စိတ်ကူးကို  စဉ်းစားဖို့လို သကဲ့သို့ လုပ်ကိုင်နိုင်မှု  စီမံခန့်ခွဲနိုင်မှု စွမ်းရည် အရည်အချင်း တိုးတက်အောင်လည်း ကြိုးစားသင့်ကြောင်း၊ ထို့ပြင် အစိုးရဘက်မှလည်း စနစ်တကျ မှတ်ပုံတင်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားနိုင်မှုအတွက် ပံ့ပိုးကူညီမှုရနိုင်ဖို့လည်း လိုကြောင်း ပြောကြားသည်။
လူငယ်အဖွဲ့များ ပေါ်ပေါက်လာကာ Third sector ဟု ခေါ်သည့် လူမှုရေး အဖွဲ့အစည်းများ တိုးတက်ဖို့အတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကလည်း လိုအပ်သည်။ ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြား ယုံကြည်မှုရှိရန် သည်လည်း အရေးကြီးသော လိုအပ်ချက်တစ်ခုဖြစ်သည်။
“ နာဂစ်လည်း ဖြစ်ရော လူငယ်အဖွဲ့တွေရော တခြားအဖွဲ့တွေပါ အလျှိုလျှို ကယ်ဆယ်ရေးအတွက် ပေါ်လာကြတယ်။ အညာကလူတွေကလည်း သူတို့ ဆွေမျိုးတွေရှိတယ်ဆိုပြီး ဆင်းလာကြတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း သူတို့အလုပ်သမားတွေ ရှိတဲ့ နေရာကို သွားကူကြတယ်။ မြို့ပေါ်က ရော့ခ်လို၊ ပန့်ခ်လို လူငယ်တွေကလည်း အဖွဲ့လိုက် ဆင်းကူကြတယ်။ ဒါတွေဟာက လူမှုအရင်းအနှီး( Social Capital ) တွေပေါ့ လူတွေရဲ့ အတူတူဆိုတဲ့ စိတ် (sense of togetherness) ကနေ ဖြစ်လာတယ်။ ငါတု့အချင်းချင်း ဆိုတဲ့ စိတ်ပေါ့။ အဲလို စိတ်နဲ့အတူ ယုံကြည်မှုနဲ့ အလုပ်ဆိုတာ လိုက်လာတယ်။ ဒါကြောင့် အကြမ်းအားဖြင့်ပြောရင် မြန်မာနိုင်ငံရဲ့ Social Capital က မြင့်တယ်လို့ ပြောလို့ရပေမယ့် သူကလည်း တခြား Capital တွေလိုပဲ ထုတ်သုံးယုံနဲ့ မဖြစ်သေးဘူး Formation ကလည်း အရေးကြီးတယ်။ အဓိကတော့ ပညာရေးပေါ့ နောက်ပြီး ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံ ဒါတွေက အရေးပါတယ်။ ဒါကြောင့် Civil Society တိုးတက်ဖို့  ပညာရေးကလည်း အရေးပါတဲ့ အဓိကအချက်ပါပဲ။ ဒါကြောင့် social capital formation အတွက် နိုင်ငံတော်ကလည်း ပညာရေးစနစ် တိုးတက်မြင့်မားရေးအတွက်ပါ အထောင့်အပံ့ပြုဖို့ လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက် မြင့်မားလာဖို့ အတွက၊ လူငယ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာရေး စနစ်က အလွန်အရေးပါပါတယ်ဆိုတဲ့အကြောင့် အချုပ်အားဖြင့် ပြောကြားသွားပါတယ်။
                        ထို့ကြောင့်  အနာဂတ်နိုင်ငံတိုးတက်ရေးအတွက် လူငယ်လူမှုရေးအဖွဲ့လေးများ၏ လုပ်ဆောင်ချက်များသည်လည်း အုပ်တစ်ချပ် သဲတစ်ပွင့် ထက်မက အလွန်အရေးပါသော ကဏ္ဍတွင်ရှိနေပြီး ထိုအဖွဲ့ အစည်းလေးများ တိုးပွားလာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိရေးတို့သည် လူငယ်များသာမက လူကြီးများ၏ ပံ့ပိုးကူညီမှု ၊ တနည်းဆိုရလျှင် နိုင်ငံတော်၊ ဈေးကွက်နှင့် လူမှုအသိုင်းအဝန်း တစ်ခုလုံး၏ ပူပေါင်းကူညီမှုသည်  အဓိက လိုအပ်ချက်တစ်ခုပင် ဖြစ်ပေသည်။
            ကလေးငယ်များ ကျေနပ်စွာ တီးလိုက်သော လက်ခုပ်သံများ ပြီးဆုံးသွားသည့် အချိန်တွင် ကလေးငယ်များသည် မိမိတို့ ဝေစုအဖြစ်ရရှိသည့် အစားအစာများ အရုပ်များ တစ်ပွေ့တစ်ပိုဒ်ဖြင့် အတူလာရောက်ကစားသည့် လူငယ်များကို နုတ်ဆက်နေကြသည်။ လူငယ်များကလည်း စမ်းမြသီတာ သီလရှင်ပညာသင်ကျောင်း အ၀ရောက်သည်အထိ  ကလေးများကို နုတ်ဆက်ကာ ဘီအမ်ကားပေါ်သို့ တက်သွားကြသည်။ သူတို့၏ မျက်နှာတွင် တစ်နေ့တာအတွက် ပင်ပန်းမှုများထက် ကျေနပ်ပီတိအပြုံးများ ကိုယ်စီဆင်မြန်းလျှက်…. ။   ။
                                                                                                                     ဖြူဖြူသီ၊ ဇာဏီထွဏ်း
မှတ်ချက်။    ။ဇွန်လ ထုတ် Livingcolor Magazine ၏ မြင်းကွင်းကတွင် ဖော်ပြထားသော ဆောင်းပါးကို ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

0 comments: