My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, March 2, 2014

ရေစက်ကုန်ချိန်




ကျွန်မ ပုခုံးပေါ် မျက်နှာမှောက်ပြီး သည်းသည်းထန်ထန် ငိုနေသော သူငယ်ချင်းကို ဖက်ထားရင်း  ကျွန်မ ငြိမ်သက်စွာပဲ သူ့ရှိုက်သံတွေကို နားထောင်နေမိသည်။ စိတ်ထဲမှာတော့  ပြီးသွားမှာပါ သူငယ်ချင်းရယ် နင်ခံစားရတဲ့ အချိန်တွေ ကျော်လွန်သွားတဲ့ အချိန်တစ်ခု ရောက်ရင်ပေါ့လို့ တွေးမိတယ်။ အခုတော့ ဝအောင် ငိုစမ်းပါစေတော့။ 
“ လမ်းခွဲခြင်းက ပူလောင်လွန်းတယ်၊ ဒါအမုန်းမဟုတ်ဘူး၊ အချစ်အတွက် ပေးဆပ်ခြင်းပဲ” ဆိုတဲ့ ဆင်ပေါက် ရဲ့ သီချင်းလေးလိုပါပဲ။ လမ်းခွဲ တကာ့ လမ်းခွဲတွေထဲမှာ ချစ်သူနဲ့ လမ်းခွဲရတဲ့ အပူက အပူလောင်ဆုံးပဲ ထင်ပါရဲ့။ သူငယ်ချင်းက ငိုသံတစ်ဝက်နဲ့ ပြောတယ်။ သူ့ထက် အစစ အရာရာ သာတဲ့သူကို ရွေးသွားတာလေတဲ့။ ကျွန်မ ခေါင်းရမ်းမိတယ်။ မဟုတ်ပါဘူး သူငယ်ချင်းရယ် မင်းတန်ဖိုးနဲ့ သူလိုချင်တဲ့ တန်ဖိုးချင်း မညီတာပါ။ ကိုယ့်ကိုကိုယ် သိမ်ငယ်အောင် မတွေးစမ်းပါနဲ့လို့။

နောက်ထပ်သူငယ်ချင်း တစ်ယောက်ကလည်း ဖုန်းခေါ်လာတယ်။ သူ အသည်းကွဲနေလို့ စကားပြော ရအောင်တဲ့ ။ သူ့ချစ်သူကို သူ အဆုံးရှုံးမခံနိုင်ဘူး ဘယ်လိုလုပ်ရမလဲတဲ့။ ကျွန်မက ရယ်ပြီး ငါက အဆုံးရှုံးပဲ ခံတတ်တာ ပြန်ရအောင် မလုပ်တတ်ဘူးဟဲ့လို့။ နောက်ပြီး လူတွေ ဆိုတာ ရေစက်ရှိသလောက် ဆုံရတာပါပဲဟာလို့ သူ့ကို  စိတ်ပြေအောင်ပြောမိတော့ သူက အထွန့်တက်ပုံက လူတွေက ဝဋ်ရှိရင်လည်း ဆုံပါတယ်ဟာ… ယောင်္ကျားရိုက်ခံနေရတဲ့ မိန်းမတွေ မကွဲနိုင်တာတွေ ကြည့်ပါလား။ လူနှစ်ယောက်ဆုံဖို့ ရေစက်ရော ဝဋ်ရော လိုတယ်လို့ ကျွန်မကို ပြန်ရွဲ့ပါတယ်။

ကျွန်မတို့တွေ ဘဝမှာ ဘာကြောင့် ချစ်သူရှာကြပါသလဲ။ ဘဝမှာ အဖော်ဆိုတဲ့ လိုအပ်ချက်ကြောင့်လို့ ပြောလို့ရပါတယ်။ ကိုယ်က ချစ်တဲ့သူ ကိုယ့်ကိုချစ်တဲ့သူ တစ်ယောက်ကို တစ်ယောက် တွယ်တာတဲ့ အဖော်ပေါ့။

ကျွန်မ တစ်ယောက်တည်း အတွေးနဲ့ ပြောရရင်… လူ့ဘဝမှာ စိတ်ချမ်းသာဖို့က အရေးကြီးဆုံးပါ။ တစ်ယောက်တည်း လူဟာ စိတ်ချမ်းသာအောင် နေတတ်ဖို့က အရေးကြီးပါတယ်။ နောက်ထပ် အဖော်တစ်ယောက် ရှိလာရင်လည်း နှစ်ယောက်လုံး စိတ်ချမ်းသာနေဖို့က ပိုအရေးကြီးပါတယ်။ မဟုတ်ရင် နှစ်ယောက်လုံးအတွက် အဖော်မရဘဲ အပူပဲ ဖြစ်နေတော့မှာပေါ့။ ဘဝတိုက်ပွဲ အတွက် ရှုံးပါတယ်။ 

လူနှစ်ယောက် စတင် ရင်းနှီးချစ်ကျွမ်းဝင်လာပြီး အဆင်ပြေဖို့ ဆိုတာ နှစ်ဦးစလုံးရဲ့  ရှင်သန်ပုံနဲ့ စိတ်နေစိတ်ထား ၊ တန်ဖိုးထားမှုတွေ တူညီဖို့ အရေးကြီးပါတယ်။ အဲဒီလို အချိန်တွေဟာ အပျော်ဆုံး အချိန်တွေ ဖြစ်နေမှာပါပဲ။ လူဆိုတာ  အသက်အရွယ်၊ ရှင်သန်နေထိုင်ပုံနဲ့ ပတ်ဝန်းကျင်ဓလေ့ တွေ အပေါ်မူတည်ပြီး တန်ဖိုးထားမှုတွေက ပြောင်းလဲ လာတတ်ပါတယ်။ အဲဒီလို တစ်ယောက်က ပြောင်းလဲ သွားပြီ ဆိုတာနဲ့  လမ်းခွဲခြင်းအတွက် နမိတ်ပုံတွေ ပေါ်လာတော့မှာ အမှန်ပါပဲ။ အဲဒီလို အချိန်မှာ ညှိဖို့ ကျိုးစားရပါတော့မယ်။ ညှိဖို့ ဆိုတာ သူတန်ဖိုးထားတဲ့ အရာ ကိုယ့်တန်ဖိုး၊ ကိုယ်တန်ဖိုးထားတဲ့ အရာ ဒါတွေကို ကိုက်ညီအောင် ဖန်တီးဖို့ ကျိုးစားရတာပါပဲ။ သူမကြိုက်တာ ကိုယ့်ဘက်ကပြင် ကိုယ်မကြိုက်တာကိုလည်း ရှင်းပြ ဒါမျိုးတွေပေါ့။ ဒီလို ကျိုးစားရင်း တန်ဖိုးထားမှုခြင်း ပြန်ညီသွားရ်ငတော့ ဝမ်းသာစရာ ကောင်းပေမယ့် ဘယ်လိုမှ မညီနိုင်တဲ့ အခါ ဆိုရင်တော့  နောက်ဆုံး လမ်းခွဲခြင်း ဆိုတဲ့ အဆင့်ကို ရောက်သွားခဲ့ကြတာပါပဲ။ 

အဲဒီလို ဘယ်လိုမှ ညှိမရတဲ့ အခြေအနေမျိုးမှာ တစ်ဘက်ဘက်က တင်းခံနေရင် နှစ်ဘက်လုံးအတွက် စိတ်ဆင်းရဲစရာတွေကို မွေးမြူထားရသလို ဖြစ်နေလိမ့်မယ်။ သုံးပွင့်ဆိုင် ကိစ္စတွေ ဆိုရင်လည်း ၂ ယောက်ပျော်ပြီး တစ်ယောက်ဝမ်းနည်းရမှာ ဆိုပေမယ့် နှစ်ယောက်ပျော်တာ ၃ ယောက်လုံး ဝမ်းနည်း နေရတာထက် ပိုမကောင်းပေဘူးလား။ နောက်ပြီး သူတပါးကို ပျော်ခိုင်းလိုက်တာ ကုသိုလ်ရသလို အမှန်ပြောရရင် ကိုယ့်ကိုကိုယ်လည်း ကိုယ့်ကို မနှစ်သက်သူနဲ့ ကိုယ်တိုင် ပြန်လှောင်ထားခြင်းက အလွတ်ပေးလိုက်ခြင်း တစ်မျိုးပါပဲ။ ဒါကို အရှုံးလို့ ပြောလို့ မရသလို နောက်တစ်ယောက် ပေါ်ပေါက်လာခြင်းဟာ ကိုယ့်တန်ဖိုး လျော့ကျသွားလို့ မဟုတ်ဘဲ တစ်ဖက်လူရဲ့ တန်ဖိုးထားမှု ပြောင်းသွားယုံ သက်သက်ဆိုတာကို နားလည်ရမှာပါ။ ကိုယ့်ကို မလိုလားသူရဲ့ အနားမှာ နေရခြင်းဟာလည်း ငရဲတစ်မျိုးပဲ မဟုတ်လား။ သစ္စာမထားတတ်သူကို ချစ်သူတော်နေရရင်လည်း မြွေပွေး ခါးပိုက်ထဲ ထည့်ထားသလို ခံစားနေရမှာ။ 

ချစ်သူမထားခင် တန်ဖိုးတွေကို ဘယ်လောက်ညီလဲ လေ့လာ.. ထားပြီးမှ အဆင်မပြေဖြစ်လာရင်လည်း အထိခိုက်အနာကျင်မှု အနည်းဆုံး နည်းလမ်းနဲ့ သင့်တင့်လျှောက်ပတ်စွာ စိတ်ထားတတ်မှ အသည်းကွဲတဲ့ ရောဂါက လွယ်လွယ်နဲ့ ပျောက်နိုင်မှာပါ။
မဟုတ်ရင်တော့ ..ဖြိုးကြီး သီချင်း.. “ အသည်းကွဲတဲ့ ရောဂါ..လွယ်လွယ်နဲ့လဲ မပျောက်နိုင်” လို့ ..အော်ဆို နေရရင်း ကိုယ့်ဘဝရဲ့ ပျော်စရာ အချိန်တွေကို ဆုံးရှုံးသွားရပါလိမ့်မယ်။
လူ့ဘဝမှာ တန်ဖိုး အကြီးဆုံးက ပျော်ရွှင်မှုပါ။ အဲဒီအရာကို ငွေနဲ့ ဝယ်လို့ မရတတ်ပါဘူး။ စိတ်ထားတတ်မှသာ ရနိုင်တာပါ။  

အင်းလေ… ဒါကလည်း အပျိုကြီး အတွေးမို့ အတည်မယူပါနဲ့ဦး… မတူတဲ့ အတွေးတွေ ရှာမေးကြည့်ပြီးမှ ကိုယ့်စိတ်ထဲက လက်ခံတဲ့ နည်းလမ်းကို ကျင့်သုံးပေါ့… အရေးအကြီးဆုံးက အသည်းအကြာကြီး မကွဲနဲ့ အသည်းကွဲရောဂါ ပျောက်ဆေးလို့ ၊ အားဆေးတို့ ဆိုတာ ကမ္ဘာပေါ်မှာ ပေါ်သေးတာမဟုတ်ဘူးလေ။ 

ရေစက်ပါလို့ ဆုံတဲ့အချိန် တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံး စိတ်ထားနဲ့ ပျော်ရွှင်အောင် ထား၊ ကိုယ့်အပေါ် ကောင်းတဲ့သူနဲ့ … ရေစက်ကုန်ချိန်မှာလည်း … တစ်ယောက်ကို တစ်ယောက် မကောင်းမြင်မှုတွေ ရှုံ့ချမှုတွေထက် တန်ဖိုးထားပုံချင်း မတူလို့ ဆိုတာကို နားလည်မှုလေး ထားပြီး လမ်းခွဲနိုင်ရင်တော့ အကောင်းဆုံး မဟုတ်လား။ ကိုယ့်အပေါ် ဆိုးတဲ့သူနဲ့ ရေစက်ကုန်ချိန် ဆိုရင်လည်း ကိုယ်ဝဋ်ကြွေးကုန်ပြီ ဆိုပြီး ဝမ်းသာ ပျော်ရွှင်လိုက်ပါလို့။ 

1 comments:

Han Kyi said...

ဒါပေါ့လေ...တစ်ခါတစ်လေမှာ ကံကြုံစား ဆန်ကုန်သွားဆိုတဲ့ စိတ်မျိုးထားနိုင်တာ အတော်လေးကို ပေါ့ပါးလွတ်လပ်တာပါပဲ...