Saturday, February 14, 2009

ခေတ်သစ် ယုန်ပုံပြင်



ပုံပြင်… အစ..

ဟိုးရှေးရှေးတုန်းက တစ်ကောင်နဲ့တစ်ကောင် သိပ်ချစ်ကြတဲ့ ယုန်ကလေးနှစ်ကောင်ရှိသတဲ့ မိဖြူနဲ့ ငညိုလေးလို့ ခေါ်သတဲ့..။ သူတို့ နှစ်ယောက်ဟာ ငယ်ရွယ်တဲ့ ယုန်ကလေးတွေ ဖြစ်ကြတဲ့အလျှောက် တစ်ကောင်နဲ့ တစ်ကောင် သိပ်ချစ်ကြတာမှ မျက်စိအောက်က အပြောက်မခံနိုင်ကြအောင်ပဲတဲ့..။

အစားအစာလေးတွေ ရှာရရင်လည်း အတူမျှဝေစား.. မြက်ခင်းစိမ်းစိမ်းလေးတွေပေါ်မှာ အတူကစားရင်း ပျော်ရွှင်စရာ အချိန်တွေကို အတူမျှဝေခံစားကြတယ်။ အစာရှာတော့လည်း အတူတူရှာရင်း အရာရာကို ထပ်တူခံစားပြီး ချစ်ခင်ကြင်နာစွာ အတူနေလာကြရာက တစ်နေ့တော့ ……..

ငညိုလေးဟာ ကစားရင်း မိဖြူ ဆက်မသွားဖို့ သတိပေးနေတဲ့ ကြားက နယ်လွန်သွားပြီး ချောက်ကြီးထဲ ပြုတ်ကျ သွားပါရောတဲ့… ချောက်ကြီးကလည်း သိပ်နက်လွန်းတော့ မိဖြူ ခမျာလည်း ဘာလုပ်ရမှန်း မသိရှာပဲဘူး ငိုနေရတာပေါ့ .. ။

နောက် ကမ်းပါးပေါ်ကနေ ဘာလုပ်ပေးရရင် ကောင်းမလဲ စဉ်းစားရင်း ပူပန်ကြောင့်ကြစွာ ငိုကြွေးနေတဲ့ မိဖြူကို ပတ်ဝန်းကျင်က တခြား အကောင်လေးတွေက တွေ့တော့ အိုး ဒီကောင် နယ်လွန်တာကိုး သူမိုက်ပြစ်နဲ့သူ ထားလိုက်လို့ ပြောတဲ့ သူကပြော.. ။ အင်း သူ့ကိုတော့ သနားပါတယ် ဒါပေမယ့် နင်က ဘာလုပ်နိုင်မှာလဲ ကဲ ထားခဲ့တော့ နင်ငိုနေရင် နင်ပင်ပန်းတယ် ငါတို့နဲ့ လိုက်ကစားပါလားလို့ ခေါ်တဲ့ သူကခေါ် ပေါ့..။ ငညိုလေးကို ကူဖို့တော့ ဘယ်သူ့ကိုမှ ခေါ်လို့ မရဘူးတဲ့လေ..။ ချောက်ကပါးကြီးက နက်လွန်းတော့ ဘယ်သူမှ ကယ်ဖို့ မကြိုးစားရဲဘူး ငုံ့ကြည့်ပြီး ကျောတွန့် စုတ်သတ်ပြီး ပြေးကြတာပဲတဲ့…။ ငညိုရဲ့ မိဘတွေကတောင် ကယ်ဖို့ မစဉ်းစားနဲ့တော့လို ပြောတဲ့အထိပဲတဲ့။

ဒီလိုနဲ့ ရက်တွေလည်း တော်တော်ကြာလာပြီ ချောက်ထဲက ငညိုရဲ့ အခြေအနေကလဲ ပိုပို ဆိုးဝါးလာပြီ..။

ငညိုလေးကို သိပ်ချစ်ရှာတဲ့ မိဖြူကတော့ သူချစ်တဲ့ ငညိုကို ဒီလို ချောက်ကပါးကြီးထဲမှာ ဘဝဆုံးရမယ့် အဖြစ်ကို လုံးဝ လက်မခံနိုင်ဘူးပေါ့..။ သူချစ်တဲ့ ငညိုကို မြက်ခင်းစိမ်းစိမ်းတွေကြားမှာ ပျော်ပျော်ရွှင်ရွှင် ပြန်နေရစေချင်တာ..။ သူလုံးဝ ဒီလို ပြစ်မထားနိုင်ဘူး သူကိုယ်တိုင်ပဲ ရဲရင့်ရတော့ မယ်လို့ သူသဘောပေါက်လာတယ် ဒါကြောင့် ငညိုကို စိတ်ဓတ်လုံးဝမကျဖို့ အော်အော်ပြောရှာတယ်..။ သူကိုယ်တိုင်လည်း ငညိုကို ကယ်ဖို့ နွယ်ကြိုးတွေ ရှာရတာပေါ့..။

မိဖြူသွားသတိရတာက သူ့မိခင် ယုန်မကြီးက သူကြီးလာရင် သူ့အတွက် အသိုက်ကြီးကြီးလေးဆောက်ရင် လွယ်ကူအောင် သူအတွက် ဝေစုပေးထားတဲ့ နွယ်ကြိုးကြီးတွေရှိတယ် ဆိုတာပဲ ။

သူ စဉ်းစားမိတာက အဲဒါကို သူအခု သုံးလိုက်ရင် သူ့မိဘတွေက သိပ်စိတ်ဆိုးကြမှာပဲ ဒါပေမယ့် ဒီနွယ်ကြိုးတွေကို သူ အသက်ရှင်နေသမျှ ပြန်စုဆောင်း ရှာဖွေလို့ရတယ်.. အခု ငညိုကို သူ နွယ်ကြိုးတွေနဲ့မှ မကယ်ရင် ငညိုရဲ့ ဘဝက သေသွားတော့မှာ …။ သူ စွန့်စားမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး အဲဒီနွယ်ကြိုးတွေကို သွားပြေးယူခဲ့တယ်..။


အဲဒီနွယ်ကြိုးတွေကို ဆက်ပြီး မိဖြူဟာ ချောက်ကပါးကြီးထဲ စွန့်စွန့်စားစားဆင်းပြီး အောက်မှာ အားပြတ်နေတဲ့ ငညိုကို အပေါ်ရောက်အောင် တရွတ်တိုက် ဆွဲခေါ်လို့ ကမ်းပါးပေါ်ပြန်ရောက်ဖို့ ကြိုးစားပန်းစား ဆွဲတင်ရရှာတယ်..။ ပင်ပင်ပန်းပန်း ရက်ပေါင်းများစွာ ဆွဲတင်ပြီးတဲ့ နောက်မှာတော့ ငညိုကို မိဖြူ ကမ်းပါးအပေါ်ရောက်အောင် ဆွဲတင်လာနိုင်ခဲ့တယ်..။


ကမ်းပါးပေါ်ပြန်ရောက်လာတဲ့အခါ ငညိုရော မိဖြူပါ တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ငိုကြတယ်..။ ငညိုက နောက်ဆို ဘယ်တော့မှာ ငါနယ်မကျွံတော့ဘူးနော်လို မိဖြူကို ပြောပြီ တစ်ယောက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ် ဖွေ့ဖက်အားပေးကြတယ်..။ ဝမ်းလည်းသာ ဝမ်းလည်းနည်းနဲ့ပေါ့..။

ဒီလိုနဲ့ နောက်တတွေရတဲ့ ငညိုကလည်း လိမ္မာလာတယ်။ မိဖြူကလဲ သူ ငညိုကို ကယ်တုန်းက ကုန်ဆုံးခဲ့တဲ့ အချိန်တွေအတွက် အရာရာမှာ နှစ်ဆပိုကြိုးစားနေရတယ်..။ မိဖြူ ငညိုကို ပြောနေကြ စကားတစ်ခွန်းက ငညိုရယ် နင်ကိုငါ ကယ်တုန်းကနေ အခုအချိန် အထိ ငါမနားရသေးဘူး ငါအရမ်း ပင်ပန်းနေပြီ နင် နယ်မလွန်နဲ့တော့နော်..။ ငါ နောက်တစ်ခေါက်ဆွဲတင်ဖို့ အင်အားတွေ မရှိတော့ဘူးဟယ် လို့ ပြောတတ်တယ်..။

ဒါပေမယ့် မိဖြူ မသိသေးတဲ့ အကြောင်းအရာ တစ်ခုက ငညို ချောက်ကပါးထဲရောက်နေတုန်း ချောက်ကပါးထဲမှာ ဝံပုလွေအချို့ကိုတွေ့ ခဲ့ရတယ် ..။ ရက်တော်တော် ကြာကြာချောက်ကပါးထဲမှာ ဝံပုလွေတွေရဲ့ အမူအကျင့်တွေကို မြင်ခဲ့ရသလို သူကိုယ်တိုင် ထူးဆန်းတဲ့ အသီးတွေကို ချောက်ကပါးထဲမှာ စားရင်း ဝံပုလွေတွေရဲ့ အမူအကျင့်တွေရပြီး ဝံပုလွေ တစ်ပိုင်းဖြစ်လာတယ် ဆိုတာကိုပဲ..။

အဲဒီတော့ ငညိုလေးဆီမှာ ဝံပုလွေ စိတ်ရိုင်းတွေ ရှိနေတတ်တယ်လေ..။ မိဖြူက စိုးရိမ်လို့ ပြောတာတွေကို သူ့ စိတ်ထဲမှာ သူကို အနိုင်ယူတယ်..ဆရာလုပ်တယ် ။ သူကယ်ခဲ့တဲ့သူဆိုပြီး ဂုဏ်ယူနေတယ်လို့ ထင်နေတယ်..။ အဲဒီ လွဲမှားတဲ့ အထင်တွေဟာ သူ့ကို အမြဲ လွှမ်းမိုးနေတယ်..။

ငညိုလေးဟာ တခြား ယုန်တွေကြားမှာ ယုန်တစ်ကောင်ရဲ့ စွမ်းရည်အပြင် ဝံပုလွေတစ်ကောင်ရဲ့ အားမန်တွေ ပါ ရှိနေတာမို့ တာခြား ယုန်တွေထက် သာလွန်လာခဲ့တယ်..။ အဲဒီတော့ ယုန်တွေကြားမှာရော ဝံပုလွေတွေ ကြားမှာရော ထင်ရှားလာခဲ့တယ်..။

အရွယ်လေးတွေကလည်း အရွယ်ကောင်းလေးတွေ ရောက်လာကြပြီဖြစ်တဲ့ ငညိုနဲ့ မိဖြူ ကြားမှာ တဖြေးဖြေး အမြင်မတူတာလေးတွေ များလာကြတယ်..။

မြောက်စားနေကြတဲ့ အများသူငါကြားမှာ လိမာစေချင်လို့ ပြောလာတတ်တဲ့ မိဖြူရဲ့ စကားကို သူ နားခါးလာပြီ နောက်ပြီး သိပ်လှတဲ့ ယုန်မလေးတွေ ဝံပုလွေမလေးတွေက မျက်နှာသာပေးတဲ့ကြားမှာ အနားမှာ ရှိနေတတ်တဲ့ မိဖြူဟာ သူ့အတွက် အနှောက်အယှက် ဖြစ်တယ်လို့ သူထင်လာခဲ့တယ်..။

ဒါတွေကို နားလည်တဲ့ သိနေတဲ့ မိဖြူဟာ သိပ်ကို ဝမ်းနည်းရှာပါတယ်..။ ဝမ်းနည်းစွာ ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ငိုကျွေးခဲ့ရရှာတယ်..။ သူဟာ ငညိုကို ချစ်တဲ့စိတ်။ ငညိုရဲ့ ရှေ့ အနာဂတ်ကောင်းဖို့ကလွဲလို့ သူမှာ တခြား စိတ်ထားမရှိပါဘူးလို့ ငညိုကို နားလည်အောင် ကြိုးစားရှင်းပြရှာပါတယ်..။ ဒါပေမယ့် အောင်မြင်မှုတွေကြားက ငညိုကတော့ သာယာနေတဲ့ သူ့ပတ်ဝန်းကျင်မှာ မိဖြူဟာ သူအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုလို့သာ ထင်နေတော့တယ်..။ နောက်ဆုံး မိဖြူကို သူတို့ လမ်းခွဲသင့် လမ်းမခွဲသင့် စဉ်းစားနေတယ်လို့ ပြောလာတဲ့အထိပဲတဲ့..

အဲဒီလို အပြောခံရတဲ့ နေ့ဟာ မိဖြူရဲ့ ဘဝမှာ မိဖြူအတွက်တော့ ဝမ်းအနည်းဆုံးနဲ့ အနာကျည်းဆုံး နေ့တစ်နေ့ပါပဲတဲ့..။

မိဖြူဟာ အသေအချာဆုံးဖြတ်ပြီး ငညိုကို ပြန်ပြောရှာတယ်..

ငါ့ကို အနားမှာ မရှိစေချင်ရင်..
နင် မလိုအပ်တော့ဘူးဆိုရင် …
ငါအနားက ထွက်သွားမှာပါ….
ဒါပေမယ့်….
တစ်နေ့ကြ…
နင်အဖော်စစ် တစ်ကယ်လိုလာတဲ့ အချိန်..
ဒါမှမဟုတ်.. မတော်တဆ…
နင် နောက်တစ်ခေါက် ချောက်ထဲ ပြန်ကျခဲ့ရင်..
ငါ နင်နဲ့ အဝေးဆုံးရောက်နေပြီး…
ပြန်မလာ နိုင်မှာကို ငါစိုးမိတယ်..
ငါအဝေးဆုံး မသွားခင်..
နင်ဆုံးဖြတ်ပါ…
………………..
နင် ငါကို သွားစေချင်ပြီဆိုရင်…
နင် တကယ် မလိုအပ်တော့ဘူးဆိုရင်…
တို့ နှစ်ယောက် ကောင်းတူဆိုးဖက် ရှိခဲ့ကြတဲ့ အချိန်တွေကို မေ့နိုင်ပြီဆိုရင်..
နင် ငါနဲ့ တကယ် တစ်ဘဝလုံးစာ ခွဲနိုင်ပြီးဆိုရင် …

ငါကို ပြောပါ….

ငါ အဝေးဆုံးကို ထွက်သွားပေးပါတော့မယ်…

နောင်တစ်ချိန်မှာ… နင်ဟာ…
ယုန် ပညာရှိကြီး… ဖြစ်လာနိုင်သလို..
ကောက်ကျစ်တဲ့ ဝံပုလွေကြီးလဲ ဖြစ်လာနိုင်တယ်…

ဘာပဲ ဖြစ်ဖြစ် …

ဘဝမှာ ချောက်ကြီးတွေနားက ဖြတ်လျှောက်ရမယ့် နေ့ရက်တွေရှိတယ်..

နင် ဘာပဲဖြစ်ဖြစ်…

ဂရုစိုက်ပါလို့……………………………………………………….။

ကဲ….

နင်ပဲ ဆုံးဖြတ်ပါတော့ ငညိုရယ် တဲ့……………



2 comments:

Han Thit Nyeim said...

အင်း... ဖတ်ပြီး ကြေကွဲ... ကွဲကြေသွားပြီဗျို့... အဟင့်... ရွှတ်... ဗလွတ်... (နောက်တာ)

ခံစားချက်ပြင်းမှ အရေးအသားက တကယ်ကောင်းတယ်ဗျို့။

pandora said...

ခံစားတင်ပြပုံလေးကိုသဘောကျတယ်။
ဘာလိုဆိုလိုတယ်ဆိုတာကိုလည်း တွေ့လိုက်ပါတယ်။
ယုန်လေးနှစ်ကောင် အဆင်ပြေပါစေပေါ့.။ ဇာတ်လမ်းက မပြီးသေးဘူး။